ဖားကန့်မြေစာပုံပြိုကျသဖြင့် လူသုံးဦးသေဆုံးပြီး ထပ်မံပျောက်ဆုံးမှု ရှိ၊မရှိ စုံစမ်းလျက်ရှိ


ဖားကန့် ဇန်နဝါရီ ၂၅

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအနီးတွင် နိုဝင်ဘာလအတွင်းက လူ ၁ဝဝကျော် သေဆုံးခဲ့သည့် မြေစာပုံပတ်ဝန်း ကျင်တွင် ယနေ့မွန်းလွဲ ၃နာရီခန့်က မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လူသုံး ဦးသေဆုံးသွားခဲ့ပြီး ပျောက်ဆုံးသူများလည်းရှိနေသေးကြောင်း ဒေသခံ များထံမှ သိရသည်။
''မြေစာပုံပြိုကျတယ်ဆိုတာ ဟုတ်ပါတယ်ခင်ဗျာ။ မူလအကြီးအကျယ် ပြိုကျဖူးတဲ့နေရာကပဲ ထပ်ပြိုတာပါ။ ရေမဆေးတူးသူတွေက အလုပ်သိမ်းတဲ့ အချိန်မဟုတ်တဲ့အတွက် မြေစာပုံတွေဆီမှာ ရှိနေတဲ့ နေ့လယ်ခင်းကြီး ဖြစ်တာကြောင့် ထပ်ပြီးသေဆုံးကြလိမ့်မယ်လို့ ယူဆရပါတယ်''ဟု ဖားကန့် ဒေသခံ ကိုကြယ်စင်ဟိန်းက ပြောကြားသည်။

ဖြစ်ပွားရာသို့ ညနေ ၆နာရီဝန်းကျင်တွင် တာဝန်ရှိသူများ လာရောက် ကြည့်ရှုခဲ့ကြသော်လည်း နေဝင်ပြီးချိန်ဖြစ်သဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုနိုင်ကြောင်း သိရှိရပြီး ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး နေထိုင်သူများ၏ အဆိုအရ မြေစာပုံပိနေသူများ ကျန်ရှိနိုင်သေးကြောင်း ကိုကြယ်စင်ဟိန်းထံမှ သိရသည်။
''လူတွေကို မတူးကြဖို့လည်း ပြောထားပြီးသား။ အန္တရာယ်ရှိမယ်ဆိုတာ ကိုလည်း သူတို့အားလုံးသိကြပါတယ်။ သို့သော် မြေပြိုထားတဲ့နေရာမှာ ကျောက်ရဖို့က အခြားနေရာထက်ပိုလွယ်တတ်တယ်လို့ ထင်ကြပြီး ဝင်တူး ဖော်နေကြတာ။ ဖြစ်လာရင်ခံရမယ်ဆိုပေမယ့် ကိုယ်တော့ မပါလောက်ဘူးလို့ ကျောက်တူးသမားတွေက တွေးတတ်ကြတယ်။ ဖြစ်နိုင်ရင် သက်ဆိုင်ရာက တင်းတင်းကျပ်ကျပ်နဲ့ ဆက်မတူးအောင် ဆောင်ရွက်ပေးသင့်ပြီ''ဟု ဒေသခံ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးကပြောသည်။

ဖြစ်ပွားရာဒေသမှာ တစ်သုံးလုံးစွန့်ပစ်မြေစာပုံတွင်ပင်ဖြစ်ပြီး အဆိုပါ မြေစာပုံမှာ မူလကပင် လူပေါင်း ၁ဝဝကျော်အား သေဆုံးနစ်မြုပ်စေခဲ့သည့် မြေစာပုံဖြစ်သည်။ ထိုမြေစာပုံမှာ အောင်ဟိန်းမင်း မြေစာပုံနှင့် မျက်စောင်း ထိုးတည်ရှိနေသည့်အတွက် ယင်းမြေစာပုံလည်း မြေများပြိုကျလာသဖြင့် မြေစာပုံများအတွင်း ရေမဆေးကျောက်ရှာဖွေသူများ ရှိနေနိုင်ပြီး နစ်မြုပ် နေနိုင်ကြောင်းလည်း ဖားကန့်ဒေသခံများထံမှ သိရသည်။
သေဆုံးသူ အလောင်းသုံးလောင်းကို တွေ့ရှိခဲ့ရပြီး အခြားကယ်ဆယ်ရေး ဆောင်ရွက်မှုများကိုလည်း နံနက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်ပေးမည်ဟု သိရကြောင်း သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပြောသည်။
''ကျွန်တော့်ညီရဲ့ ပြောပြချက်အရ သူ့မျက်စိရှေ့မှာတင် မြေစာပုံကြီးက ပြိုကျပြီး အခြားမြေစာပုံကိုလည်း ထိမိရာကနေ အဲဒီနားမှာ ရေမဆေးကျောက် ရှာနေသူတွေ ချက်ချင်းပျောက်သွားတယ်။ သူတောင် ကံကောင်းလို့ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်''ဟု ဖားကန့်ဒေသရှိ ရေမဆေးကျောက် ရှာဖွေသူများအတွက် လိုက်ပါဆောင်ရွက်ပေးနေသူ ကိုဇော်မိုးထက်က ပြောကြားသည်။

ဒေသခံများအဆိုအရ မြေစာပုံအောက်သို့ လူအများ နစ်မြုပ်နေနိုင် သည်ဟု ပြောဆိုနေကြပြီး ထိုဒေသတွင် ရေမဆေးကျောက် ရှာဖွေသူများမှာ လူဦးရေ တစ်သိန်းဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
''သက်ဆိုင်ရာက အန္တရာယ်ရှိတဲ့နေရာမှာ မရှာဖွေကြဖို့ပြောထားပေမယ့် စားဝတ်နေရေးကရှိပါတယ်။ ဖားကန့်မှာ ကျောက်တူးတာကလွဲပြီး အခြား ဘာအသက်မွေးဝမ်းကျောင်းမှမရှိပါဘူး။ ဒေသခံတွေရော၊ အနယ်နယ် အရပ်ရပ်က ရောက်လာကြတဲ့ လူတွေအတွက် အခက်အခဲအများကြီးရှိပါတယ်။ ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာက အရေးမယူသရွေ့ တူးဖော်နေကြမှာဖြစ်တယ်''ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

သတင်း - ခင်ရတနာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ဖားကန့်မြေစာပုံပြိုကျသဖြင့် လူသုံးဦးသေဆုံးပြီး ထပ်မံပျောက်ဆုံးမှု ရှိ၊မရှိ စုံစမ်းလျက်ရှိ  ဖားကန့်မြေစာပုံပြိုကျသဖြင့် လူသုံးဦးသေဆုံးပြီး ထပ်မံပျောက်ဆုံးမှု ရှိ၊မရှိ စုံစမ်းလျက်ရှိ Reviewed by THITHTOOLWIN on 11:53 Rating: 5
Powered by Blogger.