နတ်ကိုင် ခံဝံ့၊ မခံဝံ့


မုတ္တမ ပင်လယ်ကွေ့က၊ ဘင်္ဂလားပင်လယ်ကွေ့က သဘာဝဓာတ်ငွေ့စွမ်းအင်တွေ ထွက်ရှိလိုက်တာ အံ့မခန်း ပါပဲ။ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့ကို ထုတ်ရောင်းချနေရတယ်။ ပြည်တွင်းသုံးစွဲတာတွေ ပိုလျှံလို့ ပြည်ပကို ရောင်းစားနေရတာပါလို့ လျှပ်စစ်ဝန်ကြီးက ပြောဆိုလိုက်သေး။ ဒါပေမဲ့ ကမ္ဘာအရပ်ရပ်မှာ ကျောက်မီးသွေးသုံး စွမ်းအင်တွေထုတ်ကြလို့ အကျိုးထက် အပြစ်တွေ ရရှိခံစားနေရလို့ ပိတ်သိမ်းဖို့ ကြိုးစားနေကြတယ်လေ။ အဲဒီက စက်အဟောင်းတွေနဲ့ ကျွန်တော်တို့နိုင်ငံက ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက ကျောက်မီးသွေးသုံး စွမ်းအင်စက်ရုံတွေ တည်ဆောက်ဖို့ ကြိုးစားနေကြပြန်တယ်။ အင်မတန်ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ချင် ကြတဲ့ အံ့ချီးဖွယ်ခေါင်းဆောင်တွေပါပဲ။ ဒါတောင် ၂၀၁၅ ခု ရွေးကောက်ပွဲမှာ အားလုံးနီးပါး ရှုံးနိမ့်သွားကြ သေးတယ်။ သနားစရာ။

သယံဇာတ သစ်တောတွေကို အပြောင်ရှင်းစနစ်နဲ့ ခုတ်လှဲရောင်းချပြီး စစ်အာဏာရှင်တွေက နှစ်ပေါင်း ၂၀ ကျော် ရပ်တည်သွားကြတာလေ။ ရရှိတဲ့ အကျိုးခံစားခွင့်တွေကို ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေ မခံစားရဘဲ သူတို့ပဲ ရရှိခံစားသွားကြတာ မဟုတ်လား။ ကျွန်တော်တို့ ပြည်သူတွေမှာတော့ သစ်တောတွေပြုန်းလို့ ရေကြီး၊ ရေလျှံ၊ မြေပြိုတဲ့ ဘေးဒုက္ခတွေကို ခါးစည်းခံခဲ့ရကြတာလေ။ နောင်ဘယ်ကာလထိ အဲဒီဒုက္ခတွေကို ခံစားကြ ရဦးမလဲဆိုတာ မပြောတတ်နိုင်သေးပါဘူး။

ဟော အခုလည်း အစိုးရအဖွဲ့ပြောင်းလဲခါနီးမှာ ဖားကန့်နယ် ကျောက်စိမ်းမြေတွေကို ကျားစီး ဘီလူးစီး၊ မဟား ဒယား တူးဖော်နေကြလေရဲ့။ ပေထောင်ကျော်မြင့်တဲ့ တောင်တွေ၊ တောင်ကုန်းတွေ မြေညီလွင် ပြင်ဖြစ်သွားရုံ မက မြေအောက်ကို ပေထောင်ကျော်နက်ရှိုင်းတဲ့ ကျင်းကြီးတွေ ဖြစ်သွားပါသတဲ့။ ကျောက်စိမ်းမြေကို အထိန်း အကွပ်မဲ့ပြုလုပ်နေကြပုံတွေကို Global Witness က အစီရင်ခံစာထုတ်ပြန်လိုက်တယ်။ ၂၀၁၄ ခုအတွင်း အစိုးရက တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချတဲ့ ကျောက်စိမ်း တန်ဖိုး ဒေါ်လာ ၁၂ ဘီလီယံရှိတယ်လို့ ဖော်ပြထား တယ်။ အမှန်တကယ် ကျောက်စိမ်းထုတ်လုပ်တဲ့ ပမာဏက ဒေါ်လာ ၃၁ ဘီလီယံခန့်ရှိနိုင်တယ်လို့ အစီရင် ခံစာက ထောက်ပြတယ်။ ဘာကြောင့် အဲဒီလောက်ထိ ကွာဟမှုရှိနေရပါသလဲ။ ရှင်းရှင်းလေးပါပဲ။ ဒေါ်လာတွေ ခြစားသွားလို့ပေါ့။ ခြကောင်တွေက လူ့လောက်တောင်ရှိတယ်ဆိုပဲ။

ဒေါ်လာ ၃၁ ဘီလီယံဆိုတာ ကျွန်တော်တို့နိုင်ငံ GDP ရဲ့ထက်ဝက် ဖြစ်ပါတယ်။ ကျန်းမာရေး အသုံးစရိတ် ထက် အဆပေါင်း ၄၆ ဆရှိပါတယ်။ Global Witness အစီရင်ခံစာက ကျောက်စိမ်း ထုတ်လုပ်မှုနဲ့ ပတ်သက် ဆက်စပ်နေကြတဲ့သူတွေကိုလည်း ထုတ်ဖော်ထားတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အစိုးရရဲ့ တသီကြီး အရေးယူမှုကို စောင့်စားမျှော်လင့်နေကြတာပေါ့။ ဒါပေမဲ့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက''အစီရင်ခံစာကို ကျွန်တော်တို့ ဘာမှတုံ့ပြန်စရာမရှိပါဘူး'' ဆိုတဲ့ စကားနဲ့ ကန့်လန့်ကာချသွားလေတော့ ဇာတ်လမ်းကပြီးသွား ပါရောလား။

အခု မီဒီယာတွေက တရုတ်နိုင်ငံက ၀င်ရောက်လာတဲ့ မြေသယ်ယာဉ်တွေကို ဖော်ပြလာကြတယ်။ ယာဉ်တွေက နံပါတ်တွေလည်း မပါရှိဘူး။ တရားမ၀င်တင်သွင်းလာတဲ့ ယာဉ်တွေများလားပေါ့။ အဲဒီမှာစီးပွား/ကူးသန်း ၀န်ကြီးဌာနက တင်သွင်းခွင့်ပြုထားတဲ့ယာဉ်တွေဖြစ်တယ်လို့ ပြောကြားလိုက်တယ်။ ဖားကန့်မှာ မြေစာပုံ ပြိုတာတွေလည်း နေ့စဉ်ရက်ဆက်ဆိုတာလို ဆက်တိုက်ဖြစ်ပေါ်နေတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ကတော့ သူတို့နဲ့ မသက်ဆိုင်လို့လားမသိ။ လုံးဝရေငုံနှုတ်ပိတ်နေကြတယ်။ ဒါမှမဟုတ် ပြည်ထောင်စုဝန် ကြီးတွေ တလုံးတခဲတည်း ချီးမြှင့်ငွေရရှိဖို့ လုံးပန်းနေရတဲ့အတွက် အလုပ်ရှုပ်နေကြလေရော့သလား။ သမ္မတကြီးကိုယ်တိုင်လည်း သမ္မတဆိုင်ရာ လုံခြုံရေးဥပဒေအကောင်အထည်ဖော်ဖို့ ကြိုးစားနေရတာနဲ့ မအား မလပ်ဖြစ်နေလေရော့သလား။ မပြောတတ်တော့။

အဲဒီမှာ လွှတ်တော်က သမ္မတဆီကို ဖားကန့်နယ် ကျောက်စိမ်းတူးဖော်နေမှု၊ မြေပြိုမှုတွေနဲ့ပတ်သက်ပြီး အစီရင် ခံစာပေးပို့ရတော့တယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတာဝန်ရှိသူတွေလည်း ဖားကန့်နယ်ကို သွားရောက်ကြတယ်။ ပျော်ပွဲစားထွက်ကြတဲ့ ခရီးစဉ်မဟုတ်ဘူးဆိုတာတော့ သိရှိလောက်ကြကောင်းပါရဲ့။ ဒီနောက် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးကိုယ်တိုင်လွှတ်တော်ကို လာရောက်ရှင်းလင်းတင်ပြလာရတယ်။
ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်ရတနာမြေဧက နှစ်သောင်းကျော်မှာ ကုမ္ပဏီ ၆၂၇ ကို လုပ်ကွက် ၇၇၁၄ ကွက်နဲ့ ကုမ္ပဏီ ၂၃၀ ကို အကျိုးတူလုပ်ကွက် ၃၁၁ ကွက် လုပ်ပိုင်ခွင့်ချထားပေးပါသတဲ့။ စက် ယန္တရားအရေအတွက်က ဘက်ဟိုး ၁၈၇၂ စီး၊ မြေသယ်ယာဉ် ၃၃၂၇ စီးရှိပါသတဲ့။ ဘက်ဟိုးတွေက တန် ၃၀ မှ တန် ၃၀၀ ထိ၊ မြေသယ်ယာဉ်တွေက ၁၀ တန်မှ တန် ၂၀ ထိ လုပ်ဆောင်နေကြပါသတဲ့။

သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စုအစိုးရကို လုံးခင်း၊ ဖားကန့်ရတနာမြေကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကို လုံးဝပိတ်သိမ်းဖို့၊ ဒါမှမဟုတ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ထိန်းသိမ်းဖို့၊ ဒါမှမဟုတ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ)အရ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ဖို့စတဲ့နည်းလမ်းသုံးသွယ်နဲ့ ဆောင်ရွက်နိုင်ဖို့ တင်ပြထားပါသတဲ့။
ပြည်ထောင်စုအစိုးရကလည်း ဆောင်ရွက်နိုင်ဖို့ စီစဉ်နေပါပြီတဲ့။ အဲဒီမှာ ကျွန်တော်တို့အနေနဲ့ ဒုဝန်ကြီးတင်ပြသွားတဲ့ နည်းလမ်းသုံးသွယ်ကို ဆန်းစစ်ကြည့်ရအောင်ပါ။

ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းတွေကို လုံးဝပိတ်သိမ်းလိုက်မတဲ့လား။ လုံးဝ ပိတ်သိမ်းလိုက်ရင် ကုမ္ပဏီ ၀န်ထမ်းတွေ၊ ရေမဆေးကျောက် ရှာဖွေသူတွေ အလုပ်လက်မဲ့ဖြစ်သွားကြမှာ အမှန်ပါပဲ။ ဒီမှာ ကျောက်စိမ်း တူးဖော်တဲ့လုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့သူတွေဟာ ဒေသခံတွေထက် တခြားအရပ်ဒေသကနေ လာရောက် လုပ်ကိုင်ကြတဲ့သူတွေက အများစု အမှန်တကယ် ပိတ်သိမ်းလိုက်ရင်တော့ မိမိဇာတိရပ်ထံ ပြန်ကြရုံရှိတာပါပဲ။ ဆုံးရှုံးစရာဆိုလို့ အချိန်ကာလတွေပဲရှိကြလိမ့်မယ် ထင်ပါတယ်။
ရေမဆေးကျောက်ရှာကြတဲ့သူတွေက ကံအောင်ရင်သူဌေး၊ ကံမအောင်ရင် အရင်းဆိုတဲ့အနေနဲ့ မရေရာတဲ့ အလုပ်ကို အသက်နဲ့ရင်းပြီး လုပ်ကိုင်နေကြတဲ့သူတွေပါ။ ဒု-၀န်ကြီးပြောသလို မတော်လောဘ လွှမ်းနေတဲ့သူ တွေတော့ ဟုတ်ဟန်မတူဘူး။ ကံကိုယုံပြီး ဆူးပုံနင်းနေကြတဲ့ အဖြစ်မျိုးပေါ့။ လုံးဝပိတ်သိမ်းလိုက်ရင် သူတို့ လည်း ပြန်ကြရုံရှိတာပါပဲ။ ဆုံးရှုံးစရာဆိုလို့ စိတ်ကူးအိပ်မက်တွေပဲရှိကြပါလိမ့်မယ်။
ပြစ်မှုဆိုင်ရာ ဥပဒေ ၁၄၄ နဲ့ ခြေ/ဥ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခွဲ) စစ်အုပ်ရေးထုတ်ပြန်မတဲ့လား၊ လုံးခင်း၊ ဖားကန့် ကျောက်စိမ်းရတနာမြေမှာ အုပ်ချုပ်မှုထိန်းမရ၊ သိမ်းမရအောင် ဖြစ်နေပါသလား။ လောက်ကိုင်မှာလို ၀င်ရောက် တိုက်ခိုက်မှုတွေရှိနေပါသလား။ ဒီမှာ ကျွန်တော်တို့အနေနဲ့တော့ ပုဒ်မ ၁၄၄ နဲ့ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန် မယ်ဆိုရင်တော့ ကန့်ကွက်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒီ ဥပဒေတွေ ထုတ်ပြန်ဖို့လုံလောက်တဲ့ အခြေ အနေတွေ တည်ရှိမနေလို့ပါ။ ဒါ့ပြင် နယ်မြေဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေနဲ့ အနေအထိုင် ကျပ်တည်းကြမှာမို့ ပါပဲ။

ကျွန်တော်တို့ ပြည်သူတွေ ပြောချင်နေကြတာက ကျွန်တော်တို့နိုင်ငံရဲ့ သယံဇာတကျောက်စိမ်းတွေကို တိုင်းပြည်အကျိုးအတွက်မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် တဖက်နိုင်ငံသားတွေနဲ့ ပူးပေါင်းပြီး ပိုးစိုးပက်စက် တူးဖော် လုပ်ကိုင်နေကြတာကိုပါ။ အဲဒါတွေကို ဘယ်လိုထိန်းချုပ် ကာကွယ်ကြမလဲ။ စောင့်ရှောက်ကြမလဲ နည်းလမ်းရှာဖွေကြဖို့ပါ။
ခုတော့ ဒုဝန်ကြီးက သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးအောင် မဟားဒရား ကျောက်စိမ်းတူးဖော်နေကြတာကို ဘာမှမပြောဆိုဘဲ ရေမဆေးကျောက် ရှာဖွေသူတွေကိုသာ ရှင်းလင်းချင်ဟန်တူပါရဲ့။ ရေမဆေးကျောက်ရှာနေ ကြတဲ့သူတွေက နိုင်ငံရဲ့ ပုံရိပ်ပျက်အောင် ပြဿနာလုပ်နေကြတဲ့သူတွေလို့ ရှုမြင်နေဟန်တူတယ်။ ဆင်းရဲမွဲတေကြလွန်းလို့ အသက်နဲ့ရင်းပြီး လုပ်ကိုင်စားသောက်နေကြရတဲ့ဘ၀တွေက ပေါ်လွင်ထင်ရှား စေတာကိုး။ ဒီတော့ ပုဒ်မ ၁၄၄ ၊ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ပြီး ရေမဆေးကျောက် ရှာဖွေနေသူတွေကို ဟန့်တားမယ်။ ဟန့်တားမရရင် ပစ်သတ်မယ်။ ပုဒ်မ ၁၄၄ နဲ့ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ထားတာလေ။ ဘယ်သူတွေ ဘာပြောကြမလဲ။

ဒီမှာ ကျွန်တော်တို့အနေနဲ့ပြောရရင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေကို လုံးဝပိတ်သိမ်းလိုက်တာ အကောင်းဆုံးနည်းလမ်းလို့ ယူဆတယ်။ လက်တွေ့ ပိတ်သိမ်းဝံ့၊ မပိတ်သိမ်းဝံ့ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့ လေ။
ဘာလို့လဲဆိုတော့ Global Witness ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေနဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မိသားစုတွေ၊ မြောက်ပိုင်းတိုင်းမှူးဖြစ်ခဲ့ပြီး လက်ရှိနယ်စပ်ရေးရာဝန်ကြီး ဦးအုန်းမြင့်၊ မွေး/ ရေ၀န်ကြီး ဦးမောင်မောင်သိမ်းတို့ ထဲထဲဝင်ဝင်ပါဝင် လုပ်ကိုင်ပတ်သက်နေတယ်လို့ ဖော်ပြထားတယ် မဟုတ်ပါလား။ ပြီးတော့ သူတို့နဲ့နွှယ်နေတဲ့ ခရိုနီတွေ။ လုံးဝပိတ်သိမ်းလိုက်ရင် အကျိုးစီးပွား အများဆုံး ထိခိုက်နစ်နာကုန်ကြမှာပါ။ ဒါကြောင့် ပိတ်သိမ်း၊ မပိတ်သိမ်း စောင့်ကြည့်ချင်တာ။

ဒုဝန်ကြီးအနေနဲ့ ကျွန်တော့်ရွာက ကိုဖိုးနီရဲ့အဖြစ်မျိုးဖြစ်လိမ့်မယ် ထင်တယ်။ ကိုဖိုးနီက ဘုရားကိုသာ ကိုးကွယ် တာ၊ သူ့ဇနီး မရွှေကတော့ ဘုရားလည်း ကိုးကွယ်တယ်၊ နတ်လည်း ဆည်းကပ်တယ်။ ဘုရားကို ဆွမ်းတော် ကပ်သလို နတ်ကိုလည်း အရက်၊ ကြက်ကြော်တို့ ပ,သတယ်။ ကိုဖိုးနီက နတ်ဆိုတာ ကောင်းကျိုးမပေးနိုင်ဘူး၊ ဆိုးကျိုးသာ ပေးနိုင်တာဖို့ မဆည်းကပ်ဖို့ တားမြစ်တယ်။ မရပါဘူး။ ဒီတော့ ရွာက လူငယ်တွေက နတ်ကို ပ,သရာ နတ်စင်ကို မီးရှို့လိုက်ရင် ပ,သစရာ နေရာမရှိတော့လို့ နတ်လည်း မရှိနိုင်တော့ဘူး။ ဒါကြောင့် နတ်စင် ကို မီးရှို့ပစ်လိုက်ဖို့ တိုက်တွန်းကြတယ်။ မီးရှို့မယ်ပေါ့။ အဲဒီမှာ နတ်ကတော် ဒေါ်စောက နတ်စင် မီးရှို့လည်း သူကတော့ ဘာမှမတတ်နိုင်ဘူး။ ဒါပေမဲ့ နတ်ကတော့်နေမှာ မဟုတ်ဘူး။ သူ့ဗိမာန် မီးရှို့သူကို မကောင်းဆိုးဝါး အပြစ်တွေရရှိအောင် ကိုင်လိုက်မယ်လို့ ပြောသတဲ့။ ကိုဖိုးနီလည်း သူ့ဇနီး အရက်၊ ကြက်ကြော်တွေ ပ,သနေ တာတွေ တွေ့ရတိုင်း 'နတ်စင်ကို မီးရှို့ချင်တာနော်၊ နတ်ကိုင်မှာ ကြောက်လို့သာပေါ့ကွာ'လို့သာ ကြိမ်းဝါး နေရရှာတော့တာပေါ့။

ခုလည်း ၀န်ကြီးအနေနဲ့ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေကို ပိတ်သိမ်းလိုက်ပါလား။ သူတို့ အကျိုးစီးပွား ထိခိုက်လို့ ဒီအတိုင်းနေကြလိမ့်မယ် မဟုတ်ပေဘူး။ ကိုင်ကြရင်တော့ ကျွန်တော်တို့လည်း တတ်နိုင်လိမ့်မယ် မဟုတ်ဘူး။ အဲဒီမှာ ၀န်ကြီးလည်း ကိုဖိုးနီလို 'ပိတ်သိမ်းချင်တာနော်၊ နတ်ကိုင်မှာကြောက်လို့သာပ'လို့ ကြိမ်းဝါးနေတော့မှာလား။
ကျွန်တော်တို့ စောင့်ကြည့်ချင်ပါသေးတယ်။ နတ်ကိုင် ခံဝံ့၊ မခံဝံ့။

ကိုလေးမြတ်
News Watch Vol 10 No 36
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နတ်ကိုင် ခံဝံ့၊ မခံဝံ့  နတ်ကိုင် ခံဝံ့၊ မခံဝံ့ Reviewed by THITHTOOLWIN on 22:24 Rating: 5
Powered by Blogger.