ပိုလီယိုဆေးခန်းအနီး ပေါက်ကွဲမှု ၁၄ ဦးသေဆုံး


ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် Quetta မြို့ရှိ ပိုလီယို ဆေးခန်း အဆောက်အဦးတခု အပြင်ဘက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၄ ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူအများစုဟာ ဆေးခန်းကို စောင့်ကြပ်နေတဲ့ လုံခြုံရေးရဲတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုနှစ်တွေအတွင်းမှာ အိုင်အက်စ် အစ္စလာမ်မစ်နိုင်ငံအဖွဲ့ စစ်သွေးကြွတွေက ပိုလီယိုဆေးအဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ပါကစ္စတန်မှာ ပိုလီယို ဆေးဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ရဲတွေက
ပုံမှန်စောင့်ကြပ်ပေးနေတာ ဖြစ်ပါတယ်။

မနက်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်ကွဲမှုဖြစ်ပွားရာ Balochistan ပြည်နယ်ဝန်ကြီးဖြစ်သူ Sarfaraz Bugti က သတင်းထောက်တွေကို ပြောပါတယ်။

စစ်မက်ဖြစ်ပွားရာ နယ်မြေအတွင်းမှာ နေထိုင်ရတဲ့အတွက် ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘာမှမပြောဆိုနိုင်ကြောင်းလည်း မစ္စတာ Bugti က အေအက်ဖ်ပီကို ပြောဆိုခဲ့ပါတယ်။

ပိုလီယို ဆေးတိုက်ကျွေးတာဟာ ပါကစ္စတန်ကလေးငယ်တွေကို မျိုးဆိတ်သုဉ်းအောင် အနောက်တိုင်းရဲ့ ပူးပေါင်းကြံစည်မှုဆိုပြီး အိုင်အက်စ်တွေက စွပ်စွဲကာ ဆန့်ကျင်ကန့်ကွက်နေကြတာပါ။

၂၀၁၄ ခုနှစ်ထက်စာရင် ၂၀၁၅ ခုနှစ်မှာ ပိုလီယိုဆေးအဖွဲ့အပေါ် အိုင်အက်စ်တွေရဲ့ တိုက်ခိုက်မှုကျဆင်းခဲ့တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ပြီခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ Swabi ပြည်နယ်မှာ တိုက်ခိုက်ခံရတဲ့အတွက် ဒေသခံပိုလီယို ဆေးဝန်ထမ်းအဖွဲ့ဝင်တဦးဟာ အမည်မသိ သေနတ်သမားတဦးလက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်နစ်စတန် နှစ်နိုင်ငံမှာသာ အခုအချိန်အထိ ပိုလီယိုရောဂါ ပျံ့နှံ့ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ပိုလီယိုဆေးခန်းအနီး ပေါက်ကွဲမှု ၁၄ ဦးသေဆုံး  ပိုလီယိုဆေးခန်းအနီး ပေါက်ကွဲမှု ၁၄ ဦးသေဆုံး Reviewed by THITHTOOLWIN on 14:43 Rating: 5
Powered by Blogger.