BGF နှင့် DKBA ဗိုလ်နားမကြားအဖွဲ့ ကော့ကရိတ်အနီး ကောင်းမှုရွာဘုရားကုန်းတွင် တိုက်ပွဲဖြစ်


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အနီးတွင် တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့ အခြေချထားသည့် ကောင်းမှုရွာ ဘုရားကုန်းကို ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်မှ ခွဲထွက်ထားသည့် ဗိုလ်နားမကြားအဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ခ.စ.တ (၁၀၁၇) နယ်ခြားစောင့်တပ်မှ သိရှိရသည်။

ကော့ကရိတ်မြို့အနီး တပ်မတော်ခမရ ၅၄၈(ခွဲ-၁)နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (၁၀၁၇)မှ တပ်ဖွဲ့ဝင် ၅၀ ဦး အခြေချထားသည့် ကောင်းမှုကျေးရွာ ဘုရားကုန်းစခန်းကို ဗိုလ်နားမကြား (ခ) ဗိုလ်ကျော်မို့ (တပ်ခွဲမှူးအဆင့်ရှိ) ဦးစီးအင်အား ၂၀ ဝန်းကျင်မှ ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီအချိန်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ဘက်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ပစ်တော့ ပြန်လည် ပစ်ခတ်ကြရင်း တိုက်ပွဲ ဖြစ်ပွားခဲ့ရတာပါ။ မနက် ၃ နာရီလောက်မှာ အပစ်ရပ်သွားတယ်။ ကျဆုံးကတော့ မရှိဘူး” ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(၁၀၁၇)မှ ဗိုလ်မှူးစောကျော်နော်က ပြောသည်။

မနက် ၃ နာရီဝန်းကျင်တွင် ဗိုလ်နားမကြားတပ်ဖွဲ့မှာ ကောင်းမှုကျေးရွာ၏ အရှေ့ဘက်ခြမ်းကို ပြန်လည် ဆုတ်ခွာသွားခဲ့ခြင်းကြောင့် တိုက်ပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကော့ကရိတ်ဘက်က ည ၁၀ နာရီလောက်မှာ သေနတ်သံတွေ စကြားရတယ်။ လက်နက်ကြီးသံတွေ များတယ်။ တိုက်ပွဲဖြစ်ပြီဆိုတာ သိပေမယ့် ဘယ်တပ်နဲ့ ဘယ်တပ် ဖြစ်နေကြမှန်းတော့ မသိဘူး။ မိုးလင်းတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူး” ဟု ကော့ကရိတ်မြို့မှ ဒေသခံ ကိုတင်ဝင်းစိုးက ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် BGF တပ်များက နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်နေပြီး တစ်ဖက်အဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျဆုံးမှုရှိ၊ မရှိ စုံစမ်းနေကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
BGF နှင့် DKBA ဗိုလ်နားမကြားအဖွဲ့ ကော့ကရိတ်အနီး ကောင်းမှုရွာဘုရားကုန်းတွင် တိုက်ပွဲဖြစ် BGF နှင့် DKBA ဗိုလ်နားမကြားအဖွဲ့ ကော့ကရိတ်အနီး ကောင်းမှုရွာဘုရားကုန်းတွင် တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.