ဂျပန်မှ ပြန်လာသော ANP ခေါင်းဆောင် ဦးအေးသာအောင်ကို ရန်ကုန်လေဆိပ်တွင်ကြိုဆို


ရန်ကုန်၊ဇန်နဝါရီ ၂၅

မြန်မာ- ဂျပန် ချစ်ကြည်ရေး အသင်း၏ ဖိတ်ကြားချက်ဖြင့် ဂျပန်နိုင်ငံ သို့ လေးရက်ကြာ သွားရောက် လည်ပတ်ခဲ့ပြီးနောက် ရန်ကုန် လေဆိပ်သို့ ယနေ့ ပြန်ရောက်ရှိလာသော ANP ပါတီ ခေါင်းဆောင် ဦးအေးသာအောင်ကို သူ့အား ထောက်ခံသူများ၊ လေးစားချစ်ခင် မြတ်နိုးသူများက သွားရောက် ကြိုဆိုခဲ့ကြသည်။

“ ကြိုဆိုတဲ့ လူပေါင်း ၁၀၀ ကျော်လောက်ရှိမှာပါ။ ပိုစတာတွေ၊ ပန်းခြင်းတွေကို ကိုင်ပြီး ကြိုဆိုကြပါတယ်။ ခုလို ကြိုဆိုတာကတော့ ဦးအေးသာအောင်ကို လေးစားတဲ့ အပြင် သူ့ကို ထောက်ခံကြောင်း ကို ပြသတဲ့ သဘောပါ” ဟု ရန်ကုန်လေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့သူ တစ်ဦးက ပြောသည်။

ရခိုင်အမျိုးသားပါတီကို ဖိတ်ကြားမဟုတ်ဘဲ ဦးအေးသာအောင်အား လူပုဂ္ဂိုလ်အရ ဖိတ်ကြားသဖြင့် ဂျပန်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဦးအေးသာအောင်က ပြောသည်။

ဦးအေးသာအောင်သည် ဂျပန်ခရီးစဉ် အတွင်း ဂျပန်ဝန်ကြိံးချုပ် ရှင်ဇိုအာဘေနှင့် တိုက်ရိုက်တွေ့ဆုံခွင့် မရခဲ့သော်လည်း သူ့၏ တာဝန်ပေးချက်ဖြင့် ဂျပန်လွှတ်တော်မှ တာဝန်ရှိ ဥက္ကဋ္ဌတစ်ဦးနှင့် တွေ့ဆုံပြီး မြန်မာပြည်နှင့် ရခိုင်အရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်လေဆိပ် အထွက်တွင် ဦးအေးသာအောင်အား သတင်းထောက် များက ရခိုင်အမျိုးသား ပါတီက ထုတ်ထားသော ကြေငြာချက်နှင့် ပတ်သက်ပြီး မေးမြန်းရာ ၎င်းကြေငြာချက်ထုတ်သည်ကို သူမသိရှိကြောင်း ပြောဆိုသည်။

" ဒီကြေညာချက်နဲ့ပတ်သတ် လို့ ညှိနိုင်းတာ၊ အသိပေးတာ ဘာမှ မရှိပါဘူး။ဒီကြေညာချက်ကိုလည်း မဖတ်ရသေးပါဘူး"ဟု ဆိုသည်။

အဆိုပါ ကြေငြာချက်တွင် ရခိုင်ပြည်နယ် အစိုးရကို လွှတ်တော်နေရာ အများစု အနိုင်ရရှိထားသော ရခိုင်အမျိုးသား ပါတီမှ ဦးဆောင်ဖွဲ့စည်းခွင့် မရရှိခဲ့လျှင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ပါဝင်မည် မဟုတ်ဘဲ အတိုက် အခံ အဖြစ် ရပ်တည်မည်ဟု ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး သတင်းထောက်များ က မေးမြန်းကြရာတွင်လည်း ဦးအေးသာအောင်က ၂၀၀၈ ဖွဲ့စည်း ပုံကို ထောက်ပြပြောဆိုသည်။

"တကယ်တော့ ရခိုင်အမျိုးသားပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်တာကိုက ပြည်နယ် အစိုးရဖွဲ့ရေးအတွက် အပြတ်အသတ် အနိုင်ရရှိရေးပါ၊ ဒါကို ရည်ရွယ်ပြီး ပြိုင်တာပါ။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံက ဒါတွေကို အဟန့်အတားဖြစ်စေပါတယ်။ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက် ခန့်မယ်ဆိုတော့ အနိုင်ရပေမယ့်လည်း ကျွန်တော်တို့ ပါတီက ဝန်ကြီးချုပ်ကို ခန့်လို့ မရဘူး။ ပြည်နယ် ဝန်ကြီးတွေကိုလည်း သမ္မတ ခန့်အပ်တဲ့ ၀န်ကြီးချုပ်က ရွေးချယ်ပြီ သမ္မတဆီမှာ အတည်ပြုချက် ယူရမှာ ဖြစ်တော့ သမ္မတကဘဲ လုပ်ပိုင်ခွင့်တွေ အကုန် ရှိတာ ကို တွေ့ရပါတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။

သာမန် ဖိတ်ကြားချက် တစ်ခုဖြင့် ဂျပန်သို့ သွားရောက်ပြီး ပြန် လည် ရောက်ရှိ လာသူ ဦးအေးသာအောင်အား တကူး တက လူအများအပြား သွားရောက် ကြိုဆိုကြခြင်းမှာ အကွဲ အပြဲ ဖြစ်ပေါ်နေသော ပါတီတွင်း ခေါင်းဆောင်များ၏ အားပြိုင်မှုကို အကဲစမ်းသည့် ပွဲ တစ်ပွဲ အဖြစ် နိုင်ငံရေးလေ့လာသူများက အကဲခတ်ပြောဆိုသည်။

ကောင်းမြတ်နိုင်(မောင်တော)
Arakan State
https://www.facebook.com/NarinjaraNews
ဂျပန်မှ ပြန်လာသော ANP ခေါင်းဆောင် ဦးအေးသာအောင်ကို ရန်ကုန်လေဆိပ်တွင်ကြိုဆို  ဂျပန်မှ ပြန်လာသော ANP ခေါင်းဆောင် ဦးအေးသာအောင်ကို ရန်ကုန်လေဆိပ်တွင်ကြိုဆို Reviewed by THITHTOOLWIN on 05:49 Rating: 5
Powered by Blogger.