မြန်မာနိုင်ငံကမ်းလွန်ရေနက်ပိုင်းလုပ်ကွက်အမှတ် A – 6 ၌ သဘာဝ ဓာတ်ငွေ့သိုက် ရှာဖွေတွေ့ရှိ


 နေပြည်တော် ဇန်န၀ါရီ ၃

 မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက် A – 6 ရေနက်ပိုင်းတွင် MPRL E & P ရေနံကုမ္ပဏီက ရွှေရည်ထွန်း တွင်းအမှတ် - ၁ ၌ သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိခဲ့ကြောင်း MPRL ၏ သတင်းထုတ်ပြန်ချက်အရ သိရှိ ရသည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် ပင်လယ်ရေအနက် ပေ ၆၆၇၀ (မီတာ ၂၀၃၀) ခန့်တွင် တွင်းအနက် ၁၇၄၀၈ ပေ ( ၅၃၀၆ မီတာ) အထိ တူးဖော် ခဲ့သည့် ရွှေရည်ထွန်းတွင်းအမှတ် - ၁ တွင် သဘာဝဓာတ်ငွေ့ ကော်လံ ၄၂၃ ပေ ( ၁၂၉ မီတာ) ခန့်ရှိသည့် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပါရှိသည်။


ထို့ပြင် နောက်ဆုံးတိုင်းတာရရှိထားသော အချက်အလက်များအရ အဆိုပါ ၄၂၃ ပေ ရှိသော သဘာဝ ဓာတ်ငွေ့ ကော်လံတွင် သဲကြော ၃ ကြော ပါဝင်ပြီး ၎င်း၏ Net Pay မှာ အနည်းဆုံး ပေ ၅၀ ( ၁၅ မီတာ) ခန့် ရှိကြောင်း၊ ယခုရှာဖွေတွေ့ရှိမှုသည် မြန်မာ့ကမ်းလွန်ရေနက်ပိုင်း သမိုင်း တစ်လျှောက်တွင် ပထမဆုံး ကြီးမားသည့် ရှာဖွေတွေ့ရှိမှု ဖြစ်ကြောင်း၊ ဤအချက်အလက်များမှာ ကနဦး ရှာဖွေတွေ့ရှိသည့် အချက် အလက် များဖြစ်ပြီး အကဲဖြတ်သုံးသပ်မှုများကို ဆက်လက် ဆောင်ရွက် ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါတွင်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်တူးဖော်ခဲ့သည်။ MPRL E & P သည် မြန်မာ အမျိုးသားများ ဦးဆောင်သည့် ရေနံကုမ္ပဏီ တစ်ခုဖြစ်ပြီး လုပ်ကွက်အမှတ် A – 6 ၏ Operator အဖြစ် ၂၀၀၇ ခုနှစ် တွင် လက်မှတ်ရေးထိုးစာချုပ် ချုပ်ဆိုကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများကို တစ်ဖွဲ့တည်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခြင်းဖြင့် စတင်ခဲ့သည်ဟု ဆိုသည်။


MPRL E & P ၏ အမှုဆောင်အရာရှိချုပ် ဦးမိုးမြင့်က “ ကျွန်တော့်အနေနဲ့ အခု အောင်မြင်မှုအတွက် များစွာ ဂုဏ်ယူ ၀မ်းမြောက် မိပါတယ်။ မြန်မာ အမျိုးသားများ ဦးဆောင်တဲ့ ရေနံကုမ္ပဏီဖြစ်တဲ့ MPRL E & P အနေနဲ့ နည်းပညာ၊ ငွေကြေး အခက်အခဲများစွာကနေ ရခိုင်ကမ်းလွန်တောင်ဘက် ပိုင်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တည်ရှိနိုင်မှု (Petroleum Play) ကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ပြီး နိုင်ငံတကာ ကုမ္ပဏီကြီးတွေ စိတ်ဝင်စားမှုကို ရရှိစေခဲ့ပါတယ်။

“ အခု ရှာဖွေတွေ့ရှိမှုဟာ ကမ္ဘာ့အဆင့် ကြီးမားတဲ့ ဓာတ်ငွေ့သိုက်တစ်ခုကို ရှာဖွေတွေ့ရှိမှုအစ ဖြစ်နိုင်ပြီး MPRL E & P အနေနဲ့ အခုရှာဖွေတွေ့ရှိမှုကို အဆင့်မြှင့်တင်သွားဖို့အတွက် Woodside Total E & P တို့နဲ့အတူ ဆက်လက် ရှာဖွေတူးဖော်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီရှာဖွေ တွေ့ရှိ မှုဟာ အဲဒီလုပ်ကွက်မှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့ အစည်းတွေ အားလုံး အထူးသဖြင့် မြေအောက်သယံဇာတများရဲ့ အဓိက ပိုင်ရှင်ဖြစ်တဲ့ နိုင်ငံတော်နဲ့ ပြည်သူပြည်သားအားလုံးကို အကျိုးဖြစ်ထွန်းစေ မယ့် အောင်မြင်မှု ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်” ဟု ပြောကြား ခဲ့သည်။

ဓာတ်ပုံ - စွမ်းအင်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မြန်မာနိုင်ငံကမ်းလွန်ရေနက်ပိုင်းလုပ်ကွက်အမှတ် A – 6 ၌ သဘာဝ ဓာတ်ငွေ့သိုက် ရှာဖွေတွေ့ရှိ  မြန်မာနိုင်ငံကမ်းလွန်ရေနက်ပိုင်းလုပ်ကွက်အမှတ် A – 6 ၌ သဘာဝ ဓာတ်ငွေ့သိုက် ရှာဖွေတွေ့ရှိ Reviewed by THITHTOOLWIN on 14:03 Rating: 5
Powered by Blogger.