မိုင်းနောင် - မိုင်းရှူးကြား စစ်ရေးပဋိပက္ခဒေသ အစိုးရတပ်နှင့် SSPP ၂ ဘက်လုံး တပ်ဆုတ်မည်



သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ် နှင့် ကျေးသီးမြို့နယ် အတွင်း ဖြစ်ပွားနေသည့် အစိုးရတပ်နှင့်သျှမ်းပြည်တပ်မတော် SSPP/SSA တပ်တို့အကြား စစ်ရေးပဋိပက္ခများဖြေရှင်းနိုင်ရေး အတွက် မိုင်းရှူး - မိုင်းနောင် ကားလမ်းတောင်ဘက်ခြမ်းအတွင်းရှိသည့် တပ်များဆုတ်ဖို့ နှစ်ဘက်သဘောတူမှုရရှိခဲ့သည်ဟု သိရှိရပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရကိုယ်စားလှယ်တို့ ဒီဇင်ဘာ ၇ - ၈ ရက် နေပြည်တော်၌ နှစ်ရက်ကြာတွေ့ဆုံရာ မိုင်းရှူး - မိုင်းနောင် ကား လမ်းတောင်ဘက်ခြမ်းရှိနှစ်ဘက်တပ်များ ဆုတ်ဖို့ ၊ မိုင်းနောင်မြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ဖို့၊ သဘောတူကြသည်ဟု ဌာနချုပ်အရာရှိ တစ်ဦးကပြောသည်။

“နိုဝင်ဘာ ၂၃-၂၄ တွေ့ဆုံတုန်းက မူအရ သဘောတူထားတဲ့ အချက် ၆ က အမှတ် ၂ (ဂ) က ကျနော် တို့တပ်တွေ မြောက်ဘက်ခြမ်းကို ရွှေ့ရမယ်။ အစိုး ရ တပ်ကတော့ တပ်တွေ နေရာ ပြန်ချမယ် ဆိုတာ တော့ မဟုတ်ဘူးလေ။ ဆုတ်မယ် ဆိုရင် နှစ်ဘက်လုံးဆုတ်မယ်ပေါ့။ ကျနော်တို့ တပ်တွေ အဲဒီ့ ဘက်မှာ မရှိရင် သူတို့တပ်တွေလဲ ရှိစရာအကြောင်းမရှိဘူးပေါ့။ ကျနော်တို့ ဆုတ်မယ်ဆိုရင် သူတို့လဲဆုတ်မယ်လို့သဘောတူလိုက်တာ” - ဟု ဌာနချုပ်ပြန်ကြားရေး အရာရှိတဦးကပြောသည်။

တောင်ကြီး - လွယ်လင် - လဲချား - မိုင်းနောင် - မိုင်းရှူး - တန့်ယန်း ၊ တောင်ကြီး - လွယ်လင် - ခိုလမ် - မိုင်းနောင် - မိုင်းရှူး - တန့်ယန်း လမ်း သည် မြန်မာနိုင်ငံ အရှေ့ပိုင်းစစ်ရေးမဟာဗျူဟာ လမ်းဖြစ်သောကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား မဖြစ်မနေရှင်းလင်းရမည်ဟု တပ်မတော် အရာရှိ ကြီး တဦးကလည်းပြောဆိုခဲ့ဖူးသည်။

မိုင်းနောင် - မိုင်းရှူး ကားလမ်းတောင်ဘက်ခြမ်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများ အား အောက်တိုဘာ ၆ ရက်နေ့မှ နိုဝင်ဘာ လနှောင်းပိုင်းအထိ အစိုးရတပ်မတော် မှ ထိုးစစ်ဆင် တိုက်သောကြောင့် ဒေ သခံ ၁၀၀၀ ကျော် နေရပ်မှ စွန့်ခွါခဲ့ရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရ တို့သည် ၂၀၁၂ ခု နှစ် ဦးပိုင်းက တောင်ကြီးမြို့၌ ပြည်ထောင်စုအဆင့် အပစ်ရပ် စာချုပ် လက် မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးတည်ဆောက် ထားကြပြီး ဖြစ်သည်။

(PangLong Burmese)

https://www.facebook.com/Panglong.burmese

မိုင်းနောင် - မိုင်းရှူးကြား စစ်ရေးပဋိပက္ခဒေသ အစိုးရတပ်နှင့် SSPP ၂ ဘက်လုံး တပ်ဆုတ်မည် မိုင်းနောင် - မိုင်းရှူးကြား စစ်ရေးပဋိပက္ခဒေသ အစိုးရတပ်နှင့် SSPP ၂ ဘက်လုံး တပ်ဆုတ်မည် Reviewed by Staff Writer on 16:47 Rating: 5
Powered by Blogger.