တိုင်းပြည်အပြောင်းအလဲကို NLD ကိုယ်စားလှယ်များ ကြိုးစားလုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း







နေပြည်တော်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့် ယနေ့ တွေ့ဆုံပြီး တိုင်းပြည် အပြောင်းအလဲကို ကိုယ်စားလှယ်များ ကြိုးစား လုပ်ကိုင်ရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ရွေးကောက်ပွဲများတွင် အနိုင်ရရှိထားသော ပါတီဝင် NLD လွှတ်တော် အမတ်များနှင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ မေခန်းမတွင် ယနေ့နံနက်တွင် တွေ့ဆုံပြီး လွှတ်တော် ကိုယ်စားလှယ်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အနိုင်ရ ကိုယ်စားလှယ်များအနေဖြင့် တိုင်းပြည်ပေါ် သစ္စာမဖောက်ရန်၊ ကိုယ်ကျိုးမကြည့်ဘဲ ပြည်သူလူထုအတွက် ကြည့်ပြီး အလုပ်လုပ်ကိုင်ရန်၊ ပြည်သူများ ရွေးချယ်မှုဖြင့် ကိုယ်စားလှယ်လောင်း ဖြစ်လာမှုကို သတိရှိရန် အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း တက်ရောက်လာသော ကိုယ်စားလှယ်လောင်းတစ်ဦးထံမှ သိရသည်။

အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်တွင် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့မှ အနိုင်ရလွှတ်တော် အမတ်များနှင့် တွေ့ဆုံခဲ့ပြီး နေ့လည်ပိုင်းတွင်မူ ကယား၊ ရှမ်း၊ မကွေး ၊ ကချင်နှင့် ချင်းပြည်နယ်တို့မှ အမတ်များနှင့် တွေ့ဆုံ မည်ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်မြန်မာပြည်ရှိ အနိုင်ရအမတ်များနှင့် နိုဝင်ဘာလ ၂၈ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံ ထားပြီး ဖြစ်သည်။ 
 
(Xinhua)

http://www.xinhuamyanmar.com
တိုင်းပြည်အပြောင်းအလဲကို NLD ကိုယ်စားလှယ်များ ကြိုးစားလုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း တိုင်းပြည်အပြောင်းအလဲကို NLD ကိုယ်စားလှယ်များ ကြိုးစားလုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း Reviewed by Staff Writer on 15:08 Rating: 5
Powered by Blogger.