ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အာဏာမရှိတော့ပေမယ့် သြဇာရှိသေးလို့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း သူရဦးရွှေမန်း ပြော


ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ၂၀၁၀ ရွေးကောက်ပွဲကာလ အနိုင်ရခဲ့တဲ့ နေပြည်တော် ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ၁၁-၁၂-၂၀၁၅ ရက်နေ့ ညနေ ၁၆း၀၀ နာရီက တွေ့ဆုံခဲ့ပါတယ်။

ထိုသို့ တွေ့ဆုံပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးမှုအပေါ် သူရဦးရွှေမန်းက `ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲမှုမှာ ဦးဆောင်ခဲ့သူ ဖြစ်တယ်။ အဓိကကျသူလဲ ဖြစ်တယ်။ တနည်းအားဖြင့် ပြောရရင် ဒီနိုင်ငံဟာ ပါတီစုံ ဒီမိုကရေစီ ပြောင်းလဲဖို့အတွက် အဓိကဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့် သူဟာ ဒီနေ့ အာဏာမရှိတော့ဘူးဆိုရပေမယ့် သြဇာရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီလိုတွေ့ဆုံခြင်းဟာ ကောင်းပါတယ်`လို့ သူရဦးရွှေမန်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့ အစိုးရအဖွဲ့တက်လာတဲ့အခါမှာ ဌာနဆိုင်ရာ ၀န်ထမ်း တွေနဲ့ ပြည်သူတွေက ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ `အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်မှာ အဓိကတို့ နိုင်ငံကောင်းဖို့ ငါတို့လည်း ကူမယ်၊ မင်းတို့လည်း ကူကြ၊ ပြည်သူတွေ ကူကြ၊ အဲဒီလို ၀ိုင်းဝန်းကူမယ်ဆိုရင် နိုင်ငံဟာ ဒီထက် တိုးတက်မယ်။ ကိုယ့်ပါတီမဟုတ် လို့ ကိုယ့်အဖွဲ့အစည်း မဟုတ်လို့၊ သူတို့ လက်ထက်မှာ မတိုးတက်ပါစေနဲ့၊ အဲဒါမှ ငါတို့နေရာ ပြန်ရမှာ ဆိုတဲ့စိတ်ထားမျိုး မမွေးကြပါနဲ့`
ယင်းအပြင် လွှတ်တော်နဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေကို မေးမြန်းစဉ် သူရဦးရွှေမန်းက `အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ အများစုပါဝင်လာမယ့် လွှတ်တော်အသစ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမတိုင်ခင် ခေါ်ယူမှာဖြစ်ကြောင်း`သူရဦးရွှေမန်းက ပြောပါတယ်။

`၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ကိုယ်နဲ့ တွေ့တယ်။ ကြေညာချက်ထုတ်ပါတယ်။ အချက် (၅) ချက်ပါတယ်။ သေချာတယ်လို့ မှတ်ယူလိုက်ပါ။ လွှတ်တော်အသစ်ခေါ်ပေးမယ်။ ဖေဖော်ဝါရီလမတိုင်ခင် လွှတ်တော်ခေါ်ပေးမယ်။ လွှတ်တော်ဖွဲ့နိုင်မှ အစိုးရအသစ်ဖွဲ့နိုင်မယ်`ယခုကဲ့သို့ ဇေယျာသီရိမြို့နယ်ကိုလာရခြင်းကတော့ ၂၀၁၅ - ၂၀၁၆ ခုနှစ်မှာ ဇေယျာသီရိမြို့နယ်မှာ လုပ်ပေးမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လွှတ်တော်ကချထားပေးတဲ့ ကျပ်သိန်း (၁၀၀၀) ကို ဘာတွေ ဆောင်ရွက်ထားသလဲ သိချင်လို့ ကြည့်ရှုဖို့လာရောက်ခြင်းဖြစ်ပါကြောင်း သူရဦးရွှေမန်းက ပြောပါ တယ်။


(News Watch)

https://www.facebook.com/NewsWatchJournal
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အာဏာမရှိတော့ပေမယ့် သြဇာရှိသေးလို့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း သူရဦးရွှေမန်း ပြော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အာဏာမရှိတော့ပေမယ့် သြဇာရှိသေးလို့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း သူရဦးရွှေမန်း ပြော Reviewed by Staff Writer on 13:36 Rating: 5
Powered by Blogger.