နျူကလီးယား စွန့်ပစ်ပစ္စည်းတင်သင်္ဘော သြစတြေးလျသို့ရောက်ရှိလာမှု ဂရင်းပိစ်အဖွဲ့ဆန္ဒပြ




ကန်ဘာရာ ၊ ၆-၁၂-၂ဝ၁၅

ပြင်သစ်နိုင်ငံမှ ပြန်လည် တင်ဆောင်လာသည့် နျူကလီးယား စွန့်ပစ်ပစ္စည်း ၂၅ တန် ပါဝင်သော BBC Shanghai အမည်ရှိ ကုန်တင်သင်္ဘော ကြီးသည် သြစတြေးလျ နိုင်ငံ နယူးဆောက်သ်ဝေးလ် ပြည်နယ်ရှိ ကမ်ဘလာ ဆိပ်ကမ်းသို့ ဒီဇင်ဘာ ၅ ရက်တွင် ရောက်ရှိလာပြီ ဖြစ်ကြောင်းနှင့် ယင်း စွန့်ပစ်ပစ္စည်း များကို သြစတြေးလျ နိုင်ငံတွင် နှစ်ပေါင်းများစွာကြာ သိုလှောင် သိမ်းဆည်း ထားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောကြီးကို ရဲတပ်ဖွဲ့လှေများ ဝန်းရံကာ လုံခြုံရေး တင်းကျပ်စွာဖြင့် သယ်ဆောင်လာခြင်း ဖြစ်ပြီး ယင်း သင်္ဘောကြီး ဆိုက်ကပ်ချိန်တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သည့် ဂရင်းပိစ် အဖွဲ့မှ
ဆန္ဒပြသူများက ''သြစတြေးလျ နိုင်ငံတွင် နျူကလီးယား စွန့်ပစ်ပစ္စည်းများ မထားပါနဲ့'' ဟု အဓိပ္ပာယ်ရသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြမှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

ထို့ပြင် သြစတြေးလျ ပြည်သူများ အနေဖြင့် နျူကလီးယား စွန့်ပစ်ပစ္စည်းများ နိုင်ငံအတွင်း ထားရှိမှုကို လက်မခံကြရန် ဂရင်းပိစ် အဖွဲ့သားများက တိုက်တွန်းမှုများ လုပ်ဆောင် ခဲ့သည်။

သြစတြေးလျ နိုင်ငံသည် ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခု အတွင်းက ၄င်းတို့နိုင်ငံမှ ထွက်ရှိသော နျူကလီးယား စွန့်ပစ်ပစ္စည်း သင်္ဘောရှစ်စင်း တိုက်ခန့်ရှိသည့် ပမာဏကို နိုင်ငံရပ်ခြား များတွင် သိမ်းဆည်းမှုများ လုပ်ဆောင်ခဲ့သည်။

၁၉၉ဝ ပြည့်နှစ်များတွင် ယင်း စွန့်ပစ် ပစ္စည်းများကို ကာလရှည်ကြာ သိမ်းဆည်း ထားရန်အတွက် နည်းပညာများ အဆင့်မမီ သောကြောင့် ပြင်သစ်နိုင်ငံနှင့် သဘောတူညီမှု ရယူကာ ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့သို့ ပေးပို့ သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခု ရောက်ရှိလာသော စွန့်ပစ်ပစ္စည်း များသည် ပြင်သစ်နိုင်ငံတွင် သိမ်းဆည်း ထားသည့် ပမာဏဖြစ်ပြီး ဗြိတိန်တွင် သိမ်းဆည်း ထားသည့် စွန့်ပစ်ပစ္စည်းများမှာ ယခု ဆယ်စုနှစ်ဝက် အတွင်း သြစတြေးလျသို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်းနှင့် အမေရိကန်တွင် သိမ်းဆည်း ထားသည့် စွန့်ပစ်ပစ္စည်း များမှာ ယင်းနိုင်ငံတွင်ပင် ဆက်လက် တည်ရှိ နေမည် ဖြစ်ကြောင်း သိရသည်။

( Pyi Chit Thar )

http://www.pyichitthar.com
နျူကလီးယား စွန့်ပစ်ပစ္စည်းတင်သင်္ဘော သြစတြေးလျသို့ရောက်ရှိလာမှု ဂရင်းပိစ်အဖွဲ့ဆန္ဒပြ နျူကလီးယား စွန့်ပစ်ပစ္စည်းတင်သင်္ဘော သြစတြေးလျသို့ရောက်ရှိလာမှု ဂရင်းပိစ်အဖွဲ့ဆန္ဒပြ Reviewed by Staff Writer on 16:47 Rating: 5
Powered by Blogger.