တရားရေးဌာန အဂတိလိုက်စားမှု အဖြစ်ဆုံးလို့ လွှတ်တော်ကို ကော်မတီ တင်ပြ

  ပြည်သူ့လွှတ်တော် (ဓာတ်ပုံ - H.E. Thura U Shwe Mann)

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုနဲ့ ပြည်သူတွေရဲ့ လူမှုဘ၀လုံခြုံမှု အားနည်းနေတယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ တရားရေးမဏ္ဍိုင်ဟာလည်း အဂတိလိုက်စားမှု အဖြစ်ဆုံးနေရာ ဖြစ်နေတယ်လို့လည်း ထုတ်ဖော်ဝေဖန်ပါတယ်။

တရားသူကြီးအဆင့်ဆင့်နဲ့ ဥပဒေ၀န်ထမ်းအဆင့်ဆင့်မှာ အဂတိလိုက်စားမှု ရှိနေပြီး၊ ပြည်သူတွေမှာ နစ်နာနေတယ်လို့ ဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

တနင်္လာနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကဖွဲ့စည်းထားတဲ့ တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက သမ္မတ ဦးသိန်းစိန် အစိုးရတာဝန်ယူတဲ့ ၅ နှစ်တာ ကာလအတွင်း တရားစီရင်ရေးနဲ့ ပတ်သတ်တဲ့ကိစ္စတွေကို လေ့လာခဲ့တဲ့အပေါ် အခုလို အစီရင်ခံစာ တင်ပြလာခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုမှအစ ပြည်နယ်လွှတ်တော်အဆုံး အဆင့်ဆင့်ထောက်ခံမှုနဲ့ နေရာရနေကြတဲ့ တရားသူကြီးတွေဟာ အထက်မှာရှိနေတဲ့ ရာထူးအဆင့်ဆင့် သြဇာရှိသူတွေကို မလွန်ဆန်နိုင်ဘဲ တရားရေးမဏ္ဍိုင်ကို မျက်ကွယ်ပြုကာ လုပ်ဆောင်နေကြကြောင်း ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းက တင်ပြခဲ့ပါတယ်။

“တရားစီရင်ရေးအပိုင်းတွင် အဂတိတရားများ လွှမ်းခြုံလျက်ပင် ရှိနေသည်ကို တွေ့ရှိရပါတယ်။ တရားသူကြီး အဆင့်ဆင့်သည် အထက်တရားသူကြီး အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရာတွင် အပေးအယူကိစ္စများတွင် ကွင်းဆက်များရှိနေတာကို တွေ့ရှိရပါတယ်။ အလားတူပင် ဥပဒေ၀န်ထမ်း အဆင့်ဆင့်၌လည်း ကြီးကြပ်သူ အဆင့်ဆင့် ၀န်ထမ်းများသည် ကွင်းဆက်ရှိနေပြီး နားလည်မှုဖြင့် ဆောင်ရွက်လျက်ရှိနေတာကို တွေ့နေကြရပါတယ်။ အများအားဖြင့် ပြစ်မှုများတွင် အဆိုပါ အခြေအနေများ တွေ့ရှိနေရပါတယ်။ ခရိုင်တရားသူကြီးတဦးသည် အမှုတွဲရဲ့နေ့စဉ်မှတ်တမ်းကို မိမိနိုင်လိုတဲ့ဘက်က အသာရရှိရေးအတွက် ပထမတမျိုး မှတ်တမ်းတင်ပြီး အမှုစစ်ဆေးဆဲမှာပဲ ပထမမှတ်တမ်းကိုပြင်၍ နောက်တမျိုး မှတ်တမ်းတင်သည်။ သက်သေခံတင်သွင်းတဲ့ အထောက်အထားများကို ဘက်လိုက်၍ လက်ခံသည်။ သက်သေခံဥပဒေကို ကျင့်သုံးမှု လွန်စွာ အားနည်းနေကြောင်း တွေ့ရှိရပါတယ်။”

တရားမမှုပိုင်းဆိုင်ရာ စာချုပ်စာတမ်းတွေနဲ့ ပတ်သက်လို့ တရားရုံးတွေမှာ ဟန်ဆောင် အရောင်းအ၀ယ်တွေ ရှိနေသလို၊ အခွန်မှတ်ပုံတင်ရာမှာလည်း အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ သူက အခုလို ထောက်ပြခဲ့ပါသေးတယ်။

“တရားမမှုများတွင် အသေးအဖွဲ့ ငွေကြေးကအစ ငွေကျပ်သိန်း ၁၀၀ အထက် ငွေချေးမှုများနဲ့ ဟန်ဆောင် အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုသည့် အမှုများကို အများဆုံး တွေ့ရှိရပါတယ်။ ယခုအခါ မြန်မာနိုင်ငံ အနှံ့အပြားတွင် မြေဈေး အဆမတန် မြင့်မားလျက်ရှိရာ ယခင်က သိန်းဂဏန်းမရှိသော်လည်း ကာလပေါက်ဈေး သိန်းထောင်ကျော်လာတဲ့အတွက် ပိုင်ဆိုင်မှု အငြင်းပွားမှုများ၊ မတရားဖယ်ရှားမှုများ၊ စာချုပ်အတု ပြုလုပ်မှုများ၊  များပြားလျက်ရှိရာ အဆိုပါအမှုတွင် မှတ်ပုံတင်ရုံးများ၏ မသမာမှုများ အဂတိလိုက်စားမှုများ ရှိနေကြောင်း သုံးသပ်တွေ့ရှိရပါတယ်။”

လက်ရှိ တရားရေးမဏ္ဍိုင် ဖြောင့်မတ်ဖို့ဟာ အရေးတကြီး လိုအပ်နေပုံကိုလည်း သူက အခုလို လွှတ်တော်မှာ ဆွေးနွေး တင်ပြခဲ့ပါသေးတယ်။

“လိုင်စင်မဲ့ ငွေတိုးချေးစားသူများနှင့် စပ်လျဉ်း၍ လွှတ်တော်အသီးသီးတွင် တရားရုံးများ၏ မသမာမှုများကို တင်ပြခဲ့သော်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ဖြေကြားချက်များမှာ တရားစီရင်ရေးမူနှင့် ကိုက်ညီမှုမရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ တရားရုံးများ၏ ဆောင်ရွက်ချက်များအပေါ် သံသယဖြစ်ဖွယ်ရာ အဆုံးအဖြတ်များကို နေရာတိုင်းလိုလိုတွင် တွေ့မြင်သိရှိရပါသဖြင့် အဆိုပါအမှုများ စုစည်းသုံးသပ်ပြီး လိုအပ်သော အရေးယူမှုများ ပြုလုပ်နိုင်ရေးအတွက် လွှတ်တော်သို့ တင်ပြရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ယနေ့ မြန်မာနိုင်ငံတော်တွင် တရားဥပဒေစိုးမိုးမှု လွန်စွာ အားနည်းနေသောကြောင့် ပြည်သူများအနေဖြင့် လူမှုစီးပွားရေးဘ၀ လုံခြုံမှုမရှိဟု ခံစားနေကြရပါတယ်။”

လက်ရှိ တရားရေးမဏ္ဍိုင်ရဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ရုံးအဖွဲ့မှူး ဦးဇော်မင်းကတော့ အခုလို သုံးသပ်လိုက်ပါတယ်။

“အဓိကအခြေခံ အကြောင်းအရင်းက အာဏာရှင်စနစ်က ပြည်သူနဲ့ အစိုးရယန္တရားနဲ့ ဝေးကွာအောင် လုပ်သွားတဲ့အခါမှာ အစိုးရယန္တရားက အလိုလို တဆင့်မြင့်တယ်လို့ သူတို့ကိုယ်သူတို့ ခံယူထားပြီးတော့ ခေါက်ရိုးကျိုး နှစ်ရှည်လများ ကျင့်သုံးတဲ့ဟာကြီးက အခုထိကို စိုးမိုးနေတယ်။ တရားရေးမဏ္ဍိုင်ကို တက်လာမယ့် အုပ်ချုပ်ရေးအခန်းကဏ္ဍရဲ့ ယိမ်းယိုင်မှုတွေက တရားရေးမဏ္ဍိုင်မှာ ဆက်လက်သွားပြီးတော့ သက်ရောက်တယ်။ သက်ရောက်တဲ့အခါမှာ လိုရင် လိုသလို လွှမ်းမိုးတယ်၊ မလိုရင် မလိုသလို နောက်ဆုတ်ပြီး မသိချင်ယောင် ဆောင်တဲ့ဟာမျိုးတွေ အများကြီးဗျ။ တရားရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် ဆက်စပ်မှုတွေမှာ ခြစားပျက်ယွင်းမှုတွေ အများကြီးဖြစ်နေတာ တော်တော်လေး ပြင်ယူရမယ့် ကိစ္စခင်ဗျ။”

လတ်တလောမှာ တရားစီရင်ရေး၊ တရားဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီကို တရားရေးဆိုင်ရာ အဂတိလိုက်စားမှု  တိုင်ကြားစာပေါင်း ၁ သောင်းကျော် ရရှိခဲ့တယ်လို့ အဲဒီကော်မတီက ပြောဆိုထားပါတယ်။ ဒီလိုရလာတဲ့ တိုင်ကြားစာတွေကို သက်ဆိုင်ရာ တရားရုံးချုပ်ကို လွှဲပြောင်းကာ ဖြေရှင်းဖို့ တင်ပြခဲ့ရာမှာ ဖြေရှင်းပေးတဲ့ အမှုပေါင်းဟာ ၁ ထောင်နီးပါးသာ ရှိတယ်လို့ အဲဒီကော်မတီက ထုတ်ဖော်ပြောဆိုခဲ့ပြီး တရားရေးမဏ္ဍိုင်ကို အမြန်ဆုံး ပြုပြင်ဖို့ လိုအပ်နေကြောင်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

 မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

တရားရေးဌာန အဂတိလိုက်စားမှု အဖြစ်ဆုံးလို့ လွှတ်တော်ကို ကော်မတီ တင်ပြ တရားရေးဌာန အဂတိလိုက်စားမှု အဖြစ်ဆုံးလို့ လွှတ်တော်ကို ကော်မတီ တင်ပြ Reviewed by Unknown on 11:23 Rating: 5
Powered by Blogger.