ကျားခေါင်းပါတီရန်ပုံငွေအဖြစ် လွှတ်တော်ကိုယ်စားလှယ်လစာ ၂၀% ဖြတ်တောက်မည်


ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကိုယ်စား လှယ်လောင်း ဦးစိုင်းဝမ်လှိုင်ခမ်း ကို စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ Photo: Kan Thar/RFA
 ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီက အနိုင်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်လစာငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ပါတီ ရန်ပုံငွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ရက်နေ့အထိ ၃ရက်ကြာ ကျင်းပခဲ့တဲ့ ပါတီခေါင်းဆောင်တွေနဲ့ အနိုင်ရ ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကျားခေါင်းပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

"အခုလာမယ့် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ သူတို့ရဲ့လစာကနေ ၂ဝ ရာခိုင်နှုန်းကို ပါတီဌာနချုပ်ကိုထည့်ဖို့၊ အဲ့ကိစ္စကိုအားလုံးဝိုင်းဝန်းဆုံးဖြတ်ပါတယ်၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲမဝင်ခင်တစ်လလောက်အလိုက ၁ဝ ရာခိုင်နှုန်းသတ်မှတ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင်က ၂ဝ ရာခိုင်နှုန်းဆီ သက်မှတ်ပေးပါလို့ အဆိုပြုလာတော့ ကျနော်တို့အတည်ပြုဆုံးဖြတ်လိုက်ပါတယ်"

အဲဒီတွေ့ဆုံပွဲကနေ ကျားခေါင်းပါတီ ညီလာခံကို လာမယ့်ဖေဖော်ဝါရီလမှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်ပြီး အဲဒီညီလာခံမှာ ပါတီရဲ့ဗဟိုကော်မတီဝင်တွေကို ပြင်ဆင် ဖွဲ့စည်းသွားပြီး လူငယ်ခေါင်းဆောင်တွေကို တာဝန်လွှဲပေးမယ်လို့လည်း သိရပါတယ်။

ကျားခေါင်းပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသားလွှတ်တော် ၃နေရာ နဲ့ ပြည်နယ်လွှတ်တော် ၂၅ နေရာ စုစုပေါင်း နေရာ ၄၀ မှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျားခေါင်းပါတီရန်ပုံငွေအဖြစ် လွှတ်တော်ကိုယ်စားလှယ်လစာ ၂၀% ဖြတ်တောက်မည်  ကျားခေါင်းပါတီရန်ပုံငွေအဖြစ် လွှတ်တော်ကိုယ်စားလှယ်လစာ ၂၀% ဖြတ်တောက်မည် Reviewed by THITHTOOLWIN on 03:55 Rating: 5
Powered by Blogger.