လော့စ်အိန်ဂျလိစ်မြစ် အနီး၌ အသက်ရှင်လျက် မြေမြှုပ် ခံထားရသည့် မွေးကင်းစ ကလေးငယ် တစ်ဦးအား ကယ်ဆယ်


ကမ့်ပ်တန် ၊ ၁-၁၂-၂၀၁၅

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ လော့စ်အိန်ဂျလိစ် မြစ်အနီး၌ အသက် ရှင်လျက် မြေမြှုပ်ခံထား ရသည့် မွေးကင်းစ ကလေးငယ် တစ်ဦးအား တာဝန်ရှိသူများက ကယ်ဆယ် နိုင်ခဲ့ကြောင်း လော့စ်အိန်ဂျလိစ် ရဲဌာနချုပ်၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ကလေးငယ်သည် မိန်းကလေး တစ်ဦး ဖြစ်ကြောင်း၊ လော့စ်အိန်ဂျလိစ် ရဲဌာနချုပ်မှ အထူးဗျူရို တပ်ဖွဲ့ အနေဖြင့် လွန်ခဲ့သည့် တစ်ရက်နှစ်ရက် အတွင်း ကလေး မွေးဖွားခဲ့သူ များနှင့် ပတ်သက်၍ သတင်းအချက် အလက်များကို စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။

လော့စ်အိန်ဂျလိစ် မြစ်တစ်လျှောက် ၌ နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီခန့်တွင် လမ်းသွားလမ်းလာ တစ်ဦးက ကလေးငယ် ငိုသံကို ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ ဖုန်းဆက် အကြောင်းကြား ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာ ကတ္တရာများ နှင့် ရော်ဘာများ အောက်တွင် မြှုပ်ထား ခံရသော ယင်း မွေးကင်းစ ကလေးငယ် အား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တာဝန်ရှိသူများ အနေဖြင့် အဆိုပါ ရော်ဘာတုံး များကို ဖယ်ရှားကာ ကလေးငယ်အား ဆွဲထုတ်ခဲ့ ရကြောင်းနှင့် ဆေးကုသမှု ပေးရန်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ကလေးငယ်အား ယင်းကဲ့သို့ စွန့်ပစ်ခဲ့သည့် တစ်စုံတစ်ဦးကို ရှာဖွေတွေ့ရှိ ပါက လူသတ်မှုနှင့် စွန့်ပစ်မှုတို့ဖြင့် တရားစွဲဆို သွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။

PyiChitThar
http://www.pyichitthar.com
လော့စ်အိန်ဂျလိစ်မြစ် အနီး၌ အသက်ရှင်လျက် မြေမြှုပ် ခံထားရသည့် မွေးကင်းစ ကလေးငယ် တစ်ဦးအား ကယ်ဆယ်  လော့စ်အိန်ဂျလိစ်မြစ် အနီး၌ အသက်ရှင်လျက် မြေမြှုပ် ခံထားရသည့် မွေးကင်းစ ကလေးငယ် တစ်ဦးအား ကယ်ဆယ် Reviewed by THITHTOOLWIN on 09:56 Rating: 5
Powered by Blogger.