လူထု၏ ရွေးချယ်မှု မှန် မမှန် အချိန်က ဆုံးဖြတ်လိမ့်မည်ဟု ဦးဌေးဦး ပြောကြား


 ကြံ့ခိုင်ရေးပါတီမှ ထိပ်တန်းခေါင်းဆောင်များသည် ဒီမိုကရေစီ၏ အခက်ခဲဆုံး အပိုင်းဖြစ်သော ရှုံးနိမ့်မှုကို လက်ခံခဲ့ပြီ ဖြစ်သည်။ ဧရာဝတီတိုင်းတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် NLD ပါတီ ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက “ ဒီမိုကရေစီစနစ်မှ လူထုက ဆုံးဖြတ်ချက် ချပါတယ်။ ဒီဆုံးဖြတ်ချက် မှန် မမှန် ကိုတော့ အချိန်က ပြောသွားမှာ ဖြစ်ပါတယ်” ဟု AFP သို့ ပြောကြားခဲ့သည်။

NLD သည် လာမည့် နှစ်မတိုင်ခင် တရားဝင်အစိုးရဖွဲ့မည် မဟုတ်ဘဲ လနှင့်ချီ၍ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေရမည် ဖြစ်သည်။ စစ်အစိုးရ ရေးဆွဲခဲ့သည့် အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားသည့်အပြင် ရွေးကောက်ပွဲနှင့် အာဏာလွှဲပြောင်းမှုကြားတွင် အချိန်ကြာသဖြင့် လက်ရှိ လွှတ်တော်မှာ အနည်းဆုံး ဇန်န၀ါရီလအထိ ရှိနေမည်ဖြစ်သည်။

ထို့ကြောင့် ကြားကာလတွင် နိုင်ငံရေး မတည်ငြိမ်မှုများ ၊ မတိုးသာ မဆုတ်သာ အခြေအနေများ ရှုံးနိမ့်သူအမတ်များ၏ မလျော်ကန်သော အပြုအမူများ ပေါ်ပေါက်လာမည်ကို စိုးရိမ်လျက်ရှိသည်။ ရှုံးနိမ့်သူ ကြံ့ခိုင်ရေးအမတ်များအနေဖြင့် အကယ်၍ လက်စားချေလိုစိတ် ရှိပါက ထုတ်ဖော်ပြသမည် မဟုတ်ပေ။ လက်ရှိ လွှတ်တော်သည် လာမည့်နှစ်အတွက် ဘတ်ဂျက် သတ်မှတ်ခြင်းအပါအ၀င် ဥပဒေများ ပြဋ္ဌာန်းရန်ရှိနေပြီး ယင်းတို့၏ နိုင်ငံရေးပြိုင်ဘက်များ အဓိကပါဝင်သည့် လွှတ်တော်သစ်က ထိုဆုံးဖြတ်ချက်များကို ဆက်ခံရမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် NLD က အမတ်နေရာ ၈၀ % ခန့်အထိ အနိုင်ရခဲ့ခြင်းကလည်း အံ့အားသင့်ဖွယ် ဖြစ်ခဲ့သည်။ စစ်အစိုးရ တည်ဆောက်ခဲ့သည့် မြို့တော်သစ် နေပြည်တော်ရှိ မဲဆန္ဒနယ်များတွင်ပါ ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ နေပြည်တော်မှ အမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက “ဒီမှာ ကြံ့ခိုင်ရေးပါတီရှုံးနိမ့်တာ အံ့သြမိပါတယ်။ ဒါပေမဲ့ ကျွန်တော့်လို ၀န်ထမ်းအများအပြားက NLD ကို မဲပေးခဲ့ပါတယ်။ ကျွန်တော်တို့လည်း ပြောင်းလဲချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စိန်ခေါ်မှုမှာ လူထု၏ လွတ်လပ်မှုနှင့် ကြွယ်ဝရေး မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်သည်။ သို့သော် စစ်တပ်က အာဏာပြန်လည်ရယူခြင်းမှ တားဆီးရန်၊ ကွဲပြားမှု များပြား သော တိုင်းပြည်ကို စုစည်းနိုင်ရန် လိုအပ်သည်ဟု လေ့လာသူများက ဆိုသည်။

ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် ကြံ့ခိုင်ရေးပါတီက လက်ရှိတွင် ပြင်ဆင်ဖွဲ့စည်းနေသည်ဟု ဆိုသည်။ ပါတီသည် ရွေးကောက်ပွဲ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်မှု ပြုလုပ်ခဲ့သည်ဟု ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် ထိပ်တန်းပါတီဝင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးက ပြောကြားသည်။ “ကျွန်တော်တို့ လာမယ့် ၅ နှစ်မှာ နောက်ရွေးကောက်ပွဲအတွက် အသင့်ဖြစ်ဖို့ ပါတီကို အဆင့်တိုင်းမှာ ပြုပြင်တည်ဆောက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

KHTun
Ref - AFP
The Ladies News Journal
https://www.facebook.com/News.TheLadies/
လူထု၏ ရွေးချယ်မှု မှန် မမှန် အချိန်က ဆုံးဖြတ်လိမ့်မည်ဟု ဦးဌေးဦး ပြောကြား   လူထု၏ ရွေးချယ်မှု မှန် မမှန် အချိန်က ဆုံးဖြတ်လိမ့်မည်ဟု ဦးဌေးဦး ပြောကြား Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.