အငှားယာဉ် လုယက်ယူဆောင်မှုကို ဖော်ထုတ်ရင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ လူသတ်မှု ပါ ပေါ်ပေါက်




ရန်ကုန်၊ ဒီဇင်ဘာ ၎

၂၂.၁၁.၂၀၁၅ ရက်နေ့ ၀၂၄၅ အချိန်ခန့်တွင် တာမွေမြို့နယ်နေ ဒေါ်ဌေးဌေးဦး သည် ၎င်း၏ခင်ပွန်းဖြစ်သူ အငှားယာဉ်မောင်း ဦးမောင်မောင်မြိုင်မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ မောင်းမကန်လမ်းပေါ်တွင် ဒဏ်ရာများ ဖြင့်သေဆုံးနေကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ ခင်ပွန်း ဖြစ်သူမောင်းနှင်သည့်အငှားယာဉ်မှာ မောင်းမကန်လမ်းပေါ်တွင်ရပ်ထားသော လိုက်ထရပ် ယာဉ်ကိုနောက်ဘက်မှ ၀င်ရောက်တိုက်မိထားပြီး ယာဉ်၏ယာဘက်ဘေးမြေပြင်တွင် ခင်ပွန်းဖြစ်သူမှာ လည်ပင်းဝဲဘက်နှင့် ညှပ်ရိုးကြား ထိုးသွင်းဒဏ်ရာ၊ လည်ပင်းပွန်းခြစ်ဒဏ်ရာများရရှိကာ သေဆုံး နေသည်ကိုတွေ့ရှိရသဖြင့် အရေးယူပေးပါရန်တိုင်တန်းခဲ့၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၅၉၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ် ခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အဆိုပါအမှုအားစုံစမ်းလျက်ရှိစဉ် ၂၅.၁၁.၂၀၁၅ ရက်နေ့ ၂၃၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဦးမောင်မောင်၏အငှားယာဉ်အား လူငယ် (၃)ဦးမှ ငှားရမ်းစီးနင်းပြီး ယာဉ်မောင်းကို ရိုက်နှက်ထိုးကြိတ်၍ ယာဉ်အား  လုယက်ယူဆောင်သွားမှုထပ်မံဖြစ်ပွားခဲ့သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မ ရဲစခန်း(ပ)၆၈၇/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဖော်ထုတ် ခဲ့ရာမှ ပြစ်မှု ကျူးလွန်သူများဖြစ်သည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဖိုးခွား(ခ)ဖြိုးသဲအား ၁.၁၂.၂၀၁၅ ရက် နေ့တွင်လည်းကောင်း၊ ကြွက်ပေါက် (ခ)နိုင်လင်းထွန်းအား ၂.၁၂.၂၀၁၅ ရက်နေ့တွင်လည်းကောင်း ဖမ်းဆီးရမိ ခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ အဖိုးကြီး(ခ)ကျော်ကြီး (ခ)ကျော်ဇင်မင်းထွန်းအား  ၂.၁၂.၂၀၁၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၌ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။

ယင်းအမှုမှ ကျူးလွန်သူ ဖိုးခွား(ခ)ဖြိုးသဲ၊ ကြွက်ပေါက်(ခ)နိုင်လင်းထွန်း၊ အဖိုးကြီး(ခ)ကျော်ကြီး(ခ)ကျော်ဇင်မင်းထွန်းတို့(၃)ဦးနှင့် ၁.၁၂.၂၀၁၅  ရက်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းတွင် လက်နက်များအက် ဥပဒေပုဒ်မ -၁၉(င)ဖြင့် အရေးယူထားရှိသော ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေ မှတ်ကြီ(ခ)ကိုထက်တို့မှာ အတူတကွ လုယက်မှုကျူးလွန်ထားကြောင်း ဆက်စပ်သတင်းအချက်အလက်များရရှိခဲ့သဖြင့် ၎င်းတို့(၄) ဦးကို တိုက်ဆိုင်စစ်ဆေးမှု များပြုလုပ်ခဲ့ပါသည်။

ယင်းသို့စစ်ဆေးချက်များအရ ၎င်းတို့(၄)ဦးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း(ပ)၅၉၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ အမှုအားကျူးလွန်ခဲ့ကြောင်း၊ အခင်းဖြစ်သည့် ၂၁.၁၁.၂၀၁၅ ရက်နေ့တွင် လုယက်မှုကျူးလွန်ရန်တိုင်ပင်ခဲ့ကြပြီး ဒဂုံမြို့သစ်(အရှေ့)မြို့နယ်အတွင်း လှည့်လည်သွားလာနေရာမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းသို့ရောက်ရှိခဲ့ကြောင်း၊ ၂၃၃၀ အချိန်ခန့်တွင် တောင်မြောက်လမ်းဆုံဘက်သို့ လမ်းလျှောက်လာစဉ် ပြည်ထောင်စုလမ်းအတိုင်းမောင်းနှင်လာသည့် အငှားယာဉ်(၁)စီးအား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရုံးလမ်းကားမှတ်တိုင်သို့ ငှားရမ်းစီးနင်းခဲ့ကြောင်း၊ပြည်ထောင်စုလမ်းမရှိ မ၀တလမ်းဆုံမီးပွိုင့်သို့ရောက်ရှိစဉ် အငှားယာဉ်မောင်းနှင့် စကားများခဲ့ကြပြီး အခင်းဖြစ်နေရာအနီးအရောက်တွင် ယာဉ်မောင်းအားဝိုင်းဝန်းချုပ်နှောင်ကာ ကြွက်ပေါက်(ခ) နိုင်လင်းထွန်းမှ လည်ပင်းအားဓါးဖြင့်ထိုး၍ ယာဉ်မောင်းကို နောက်ခန်းသို့ ရွှေ့ခဲ့ကြောင်း၊ ယင်းနောက် ဖိုးခွား(ခ)ဖြိုးသဲမှ ကားစက်နှိုးပြီးမောင်းနှင်စဉ် ရပ်ထားသော လိုက်ထရပ်ယာဉ်၏နောက်ပိုင်းအား ၀င်ရောက်တိုက်မိခဲ့ကြောင်း၊ ၎င်းတို့မှ ယာဉ်မောင်းအား လမ်းဘေးသို့ဆွဲချထားခဲ့ပြီး ယာဉ်မှာလည်း မောင်းနှင်မရသဖြင့် ထားခဲ့ကာ ထွက်ပြေးခဲ့ကြကြောင်းပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဖိုးခွား(ခ)ဖြိုးသဲ၊ ကြွက်ပေါက်(ခ)နိုင်လင်းထွန်း၊ အဖိုးကြီး(ခ)ကျော်ကြီး(ခ)ကျော်ဇင်မင်းထွန်းနှင့်မှတ်ကြီး(ခ)ကိုထက်တို့(၄)ဦးအား အမှုများဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

( Yangon Police )

https://www.facebook.com/yangonpolice
အငှားယာဉ် လုယက်ယူဆောင်မှုကို ဖော်ထုတ်ရင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ လူသတ်မှု ပါ ပေါ်ပေါက် အငှားယာဉ် လုယက်ယူဆောင်မှုကို ဖော်ထုတ်ရင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ လူသတ်မှု ပါ ပေါ်ပေါက် Reviewed by Staff Writer on 16:58 Rating: 5
Powered by Blogger.