ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားပါလို့ ဆီးရီးယား သမ္မတဆို

ဥရောပတိုက်ထဲကို ဝင်လာဖို့ ကြိုးစားနေသူများ (Credit: Reuters) 
ဥရောပ ​တိုက်ထဲကို ​ဝင်ရောက်နေတဲ့ ​ဒုက္ခသည်တွေ ​ကြားထဲမှာ ​အကြမ်းဖက် ​သမားတွေ ​ပါဝင်နေတယ်လို့ ​ဆီးရီးယား ​သမ္မတ ​Bashar ​al-Assad ​က ​သတိပေးလိုက်ပါတယ်။

Czech ​ရုပ်မြင်သံကြားနဲ့ ​အင်တာဗျူးမှာ ​ဆီးရီးယား ​သမ္မတက ​ဥရောပတိုက်ထဲကို ​ဝင်ရောက်ဖို့ ​ကြိုးစားနေတဲ့ ​လူတွေထဲမှာ ​ဒုက္ခသည် ​စစ်မှန်သူတွေ ​ရှိသလို ​အကြမ်းဖက် ​သမားတွေလည်း ​ပါဝင်တယ်လို့ ​ပြောသွားခဲ့တာပါ။

အများစုကတော့ ​မျိုးချစ်တဲ့ ​ဆီးရီးယားနိုင်ငံသားတွေ၊ ​နိုင်ငံသားကောင်းတွေ ​ဖြစ်ပေမယ့် ​အဲဒီအထဲမှာ ​အကြမ်းဖက် ​သမားတွေ ​သိုးယောင်ဆောင်ပြီး ​ဝင်ရောက်နေတာမျိုး ​ရှိတယ်လို့ ​ပြောသွားခဲ့ပါတယ်။

ချက်ရုပ်မြင်သံကြားဌာနက ​အဲဒီ ​အင်တာဗျူး ​အပြည့်အစုံကို ​အင်္ဂါနေ့မှာ ​ထုတ်လွှင့်မယ်လို့လည်း ​ကြေညာထားပါတယ်။

ဆီးရီးယားမှာ ​ဖြစ်နေတဲ့ ​ပြည်တွင်းစစ်ကြောင့် ​သိန်းနဲ့ချီတဲ့ ​ဆီးရီးယားနိုင်ငံသားတွေ ​ဒီနှစ်အတွင်း ​ဥရောပ ​တိုက်ထဲကို ​ဝင်လာနေတာ ​ဖြစ်ပြီး ​အများအားဖြင့် ​ဘာလက်မှတ်မှ ​မရှိပဲ ​ရောက်လာကြတာ ​ဖြစ်ပါတယ်။

အဲဒီလို ​အခြေအနေကြောင့် ​ဒုက္ခသည်ကြားမှာ ​အကြမ်းဖက် ​သမားတွေ ​ပါဝင်နိုင်တယ်လို့ ​နိုင်ငံအများက ​ကြိုးစားချိန်မှာပဲ ​ဆီးရီးယား ​သမ္မတက ​အခုလို ​ထပ်မံ ​ပြောဆိုလိုက်တာပါ။

ပဲရစ်မြို့မှာ ​အကြမ်းဖက်မှု ​ဖြစ်ပေါ်ပြီးတဲ့နောက် ​ဆီးရီးယားနိုင်ငံက ​ဝင်လာတဲ့ ​ဒုက္ခသည်တွေအပေါ် ​ပိုပြီး ​စိစစ်မှုတွေ ​လုပ်ဖို့ ​ဥရောပသမဂ္ဂကို ​တောင်းဆိုနေကြပါတယ်။

ပဲရစ်မြို့ ​အကြမ်းဖက်မှုမှာ ​ပါဝင်တဲ့ ​လူ ​နှစ်ယောက်ဟာ ​အောက်တိုဘာလတုန်းက ​ဂရိနိုင်ငံကနေတဆင့် ​ပြင်သစ်နိုင်ငံကို ​ရောက်လာတဲ့ ​လူတွေ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

တူရကီကတော့ ​ဒုက္ခသည်တွေ ​ဥရောပ ​တိုက်ထဲ ​ထပ်မံ ​မဝင်လာအောင် ​လုပ်ဆောင်ပေးမယ်လို့ ​ကတိပေးလိုက်ပြီး ​အဲဒီအတွက် ​ယူရို ​၃ ​ဘီလီယံ ​အကူအညီရရှိထားပါတယ်။

ကနေဒါကလည်း ​ဆီးရီးယား ​ဒုက္ခသည်ကို ​ခေါ်ယူမယ့် ​အစီအစဉ်ကို ​ရက်တိုးလိုက်ပြီး ​အကြောင်းရင်းကတော့ ​ဒုက္ခသည်တွေထဲမှာ ​အကြမ်းဖက် ​သမားတွေ ​မပါလာအောင် ​စိစစ်ဖို့ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

သြစတြေးလျနိုင်ငံမှာတော့ ​ဆီးရီးယား ​ဒုက္ခသည် ​တချို့ ​ရောက်ရှိနေပြီး ​အစိုးရကတော့ ​အကြမ်းဖက် ​သမားတွေ ​မပါအောင် ​သေခြာ ​စိစစ်မှု ​လုပ်တယ်လို့ ​ပြောဆိုထားပါတယ်။

သြစတြေးလျက ​ဆီးရီးယား ​ဒုက္ခသည် ​တစ်သောင်း ​နှစ်ထောင်ကို ​လက်ခံမှာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားပါလို့ ဆီးရီးယား သမ္မတဆို  ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားပါလို့ ဆီးရီးယား သမ္မတဆို Reviewed by THITHTOOLWIN on 10:31 Rating: 5
Powered by Blogger.