စစ်သည်များ၏ လူမှုဘ၀ကိုမြှင့်တင်ပေးရန် တောင်ကိုရီးယားက ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲမည်





ဆိုးလ် ၊ ၄-၁၂-၂၀၁၅

တောင်ကိုရီးယား စစ်ဘက်အနေဖြင့် စစ်မှု မထမ်းမနေရ စနစ်ကြောင့် စစ်မှု ထမ်းဆောင်သူ ပိုမိုများပြား လာအောင် လုပ်ဆောင်ရန် နှင့် စစ်ဘက် တပ်ဖွဲ့ဝင်တို့၏ လူနေမှုဘ၀ကို မြှင့်တင်ပေးရန် အတွက် တောင်ကိုရီးယား အမျိုးသား လွှတ်တော်က ၂ဝ၁၆ ခုနှစ်ကာကွယ်ရေး အသုံးစရိတ်ကို ၃ ဒသမ ၆ ရာခိုင်နှုန်း ပိုမို တိုးမြှင့်သုံးစွဲရန် ဒီဇင်ဘာ ၃ ရက်တွင် ခွင့်ပြု ပေးခဲ့ကြောင်း အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ပြောကြား ထားသည်။

သို့သော် အစိုးရက ၂ဝ၁၆ ခုနှစ်အတွက် တင်ပြ တောင်းခံသော ကာကွယ်ရေး အသုံးစရိတ်မှာ ဝမ် ၃၈ ဒသမ ၉၆ ထရီလီယံ ဖြစ်ပြီး လွှတ်တော်က ဝမ် ၃၈ ဒသမ ၈ ထရီလီယံ (အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၂ ဘီလီယံ) ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား အမျိုးသား လွှတ်တော် သည် ဒီဇင်ဘာ ၃ ရက်နံနက် အစောပိုင်းတွင် ၂ဝ၁၆ ခုနှစ်အတွက် အစိုးရ အသုံးစရိတ်ကို ဝမ် ၃၈၆ ဒသမ ၄ ထရီလီယံ သတ်မှတ်ပေး ခဲ့ပြီး ပြီးခဲ့သည့်နှစ် အသုံးစရိတ် ထက် ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးမြှင့်ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုးမြှင့်ပေးသည့် ကာကွယ်ရေး အသုံးစရိတ်ကို စစ်မှုမထမ်း မနေရ စနစ်ကြောင့် နှစ်စဉ် စစ်မှု ထမ်းဆောင်သူများ ပိုမိုများပြား လာစေရန်နှင့် စစ်ဘက် တပ်ဖွဲ့ဝင်တို့၏ လူနေမှုဘဝ မြင့်မားရေး အတွက် သက်သာ ချောင်ချိရေး လုပ်ငန်းများတွင် အသုံးပြု သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန က ပြောကြား ထားသည်။

ထို့ပြင် စစ်ဘက် တပ်ဖွဲ့ဝင် များအား ဆေးကုသမှု ပေးရာတွင် ပိုမိုအဆင်ပြေ စေရန်အတွက် လူနာတင်ယာဉ် အသစ်များ ဝယ်ယူခြင်းနှင့် စိတ်ကျန်းမာရေး ဆေးခန်းများ ဖွင့်လှစ်ခြင်း တို့ကို လုပ်ဆောင် သွားမည့်အပြင် လာမည့်နှစ်မှ စ၍ စစ်ဘက် တပ်ဖွဲ့ဝင်တို့၏ လစာကို တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဆက်လက် ပြောကြား ထားကြောင်း Yonhap သတင်းတစ်ရပ် အရ သိရသည်။

( Pyi Chit Thar )

http://www.pyichitthar.com/

စစ်သည်များ၏ လူမှုဘ၀ကိုမြှင့်တင်ပေးရန် တောင်ကိုရီးယားက ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲမည် စစ်သည်များ၏ လူမှုဘ၀ကိုမြှင့်တင်ပေးရန် တောင်ကိုရီးယားက ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲမည် Reviewed by Staff Writer on 13:21 Rating: 5
Powered by Blogger.