မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်းများအတွက် ဂျပန်က ကန်ဒေါ်လာ ၆၂ သန်း ရင်းနှီး မြှုပ်နှံထားဟုဆို



မြန်မာနိုင်ငံ ဟိုတယ်စီမံကိန်းလုပ်ငန်းများတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ဂျပန်နိုင်ငံက အမေရိကန် ဒေါ်လာ ၆၂ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရှိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ဂျပန်နိုင်ငံက ဟိုတယ်စီမံကိန်းသုံးခု ဆောက်လုပ်ထားပြီး ယင်းဟိုတယ် စီမံကိန်းများအတွက် ကန်ဒေါ်လာ ၆၂ သန်း ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

“ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ဟိုတယ်စီမံကိန်းသုံးခုက ရန်ကုန်နဲ့ ပုဂံဒေသ တွေမှာပဲ ဖြစ်ပါတယ်။ အဲဒီ ဟိုတယ်စီမံကိန်းသုံးခုကလွဲလို့ ဟိုတယ် စီမံကိန်း နဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ လတ်တလောမှာတော့ မရှိသေး ပါဘူး။ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာတော့ တခြားအပိုင်းနဲ့ ရင်းနှီး မြှုပ်နှံထား တာတော့ ရှိကောင်းရှိနိုင်ပေမယ့် ဟိုတယ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ လတ်တလောမှာ မရှိသေးပါဘူး” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၊ ပရောဂျက်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြောသည်။

မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်း လုပ်ငန်းများတွင် ဂျပန်အပါအ၀င် စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်၊ ကိုရီးယား၊ လူဇင်ဘတ်နှင့် ယူအေအီးနိုင်ငံများက ရင်းနှီးမြှုပ်နှံထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရသည်။“ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို လာရောက် လည်ပတ်မှုတွေ လေ့လာမှုတွေ ရှိနေတယ်။ ဂျပန်တွေက ဒီမှာ စီးပွားရေးအပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေရှိနေတော့ အလည်အပတ် သက်သက်လာတာ ရှိသလို စီးပွားရေး အတွက် လာတာတွေလည်း ရှိပါတယ်” ဟု ဂျပန်ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ မသော်တာဝေက ပြောသည်။

မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု အခြေအနေအရ ဂျပန်နိုင်ငံမှ ခရီးသွား ၀င်ရောက်မှုမှာ ထိုင်းနှင့် တရုတ် ပြီးနောက်တတိယအများဆုံးဖြစ်ပြီးလက်ရှိဂျပန်ဧည့်လမ်းညွှန်မှာလည်း လေးရာနီးပါးခန့်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။“မြန်မာနိုင်ငံမှာ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံထားတဲ့ ဟိုတယ်စီမံကိန်း ၄၇ ခုရှိပြီးတော့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးက ကန်ဒေါ်လာ ၂၆၄၁.၃၀၀ သန်းအထိတိုးမြင့်လာပါတယ်။ လက်ရှိမှာ ဟိုတယ်စီမံကိန်း ၃၃ ခု ပြီးသွားပါပြီ။ ၁၄ ခုကတော့ ဆောက်လုပ်ဆဲပါပဲ” ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြောသည်။ ယင်းဟိုတယ်စီမံကိန်း ၃၃ ခု၏ ရင်နှီးမြှုပ်နှံမှု တန်ဖိုးသည် ကန်ဒေါ်လာ ၁၃၀၄. ၉၉၂ သန်းဖြစ်ပြီး ဟိုတယ် အခန်းပေါင်း ၅,၉၂၁ ခန်း ပါဝင်ကြောင်း သိရသည်။

(The Ladies News Journal)

https://www.facebook.com/News.TheLadies/
မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်းများအတွက် ဂျပန်က ကန်ဒေါ်လာ ၆၂ သန်း ရင်းနှီး မြှုပ်နှံထားဟုဆို မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်းများအတွက် ဂျပန်က ကန်ဒေါ်လာ ၆၂ သန်း ရင်းနှီး မြှုပ်နှံထားဟုဆို Reviewed by Staff Writer on 16:25 Rating: 5
Powered by Blogger.