အမျိုးသမီးများ အပါဝင် မူဆယ်ဒေသခံ အနည်းဆုံး လူ ၂၀ ကျော်ခန့်ကို ကေအိုင်အေ တပ်မဟာ ၄ မှ ဖမ်းဆီးထား


 ဒေသခံ ရှမ်းနှင့် အခြားတိုင်းရင်းသူ အမျိုးသမီးများ အပါအ၀င် မူဆယ် ဒေသခံ
အနည်းဆုံး လူ ၂၀ ကျော်ခန့်ကို ကေအိုင်အေ တပ်မဟာ (၄) မှ ဖမ်းဆီးထားကြောင်း
မူဆယ်ဒေသခံများထံမှ သိရသည်။

‘ကျန်တော်တို့ဆီမှာ စာရင်းရတာ အနည်းဆုံး ၁၅ ဦး ရှိနေပြီ ကျန်တဲ့ ရွာတွေမှာ
လည်း တစ်ရွာ ၇ ယောက်နှုန်းလောက်နဲ့ စစ်သားပေးဖို့ တောင်းနေတာ တချို့
လည်း ပေးနေရတယ်ကြားတယ် ။ စာရင်းကတော့ ထပ်စုနေဆဲပဲ ရက်ပိုင်းအတွင်း ၊
ဒီလထဲမှာကို ကေအိုင်အေက ဆွဲသွားတာ” ဟု မူဆယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု
အသင်းမှ စိုင်းယဉ်လိတ်က ဒီဇင်ဘာလ ၃၀ ရက်နေ့ ညပိုင်းတွင် The Ladies news
သို့ အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် မူဆယ်မြို့နယ် နမ့်အွမ်း
ကျေးရွာအုပ်စု၌ ကျင်းပသည့် ရှမ်းနှစ်သစ် ကောက်သစ် ကောက်သစ်စားပွဲတော်ကို
ကျင်းပခဲ့ရာ အဆိုပါ ပွဲတော်ကို လာရောက်သည့် ရှမ်းနှင့် တအာင်းပလောင်
အမျိုးသမီးများ အပါဝင် စုစုပေါင်း ဒေသခံ ၁၅ ဦးကို ကေအိုင်အေမှ ဖမ်းဆီးသွားခဲ့
ကြောင်း ဒေသခံများမှ The Ladies news သို့ တညီတညွတ်တည်း ပြောဆိုသည်။

“ကျန်တော်တို့ နမ့်အွမ်ရွာက ပွဲတော်ကို လာတဲ့အချိန်မှာ ဖြစ်ကုန်တာ ၊ ရုပ်လည်း
ဆိုးတယ် ၊ ကေအိုင်အေ လုပ်ရပ်ကို ကန့်ကွက်ပါတယ်” ဟု နမ့်အွမ်ဒေသခံဖြစ်သူ
စိုင်းယီက ပြောသည်။

ကေအိုင်အေ တပ်မဟာ ၄ အနေဖြင့် ယင်းကဲ့သို့ ဖမ်းဆီးမှုများ အပါဝင် မူဆယ်
ဒေသတွင်း ကျေးရွာများကို တစ်ရွာလျှင် လူ (၇) ဦးကျ စစ်သားစုဆောင်းမှုအတွက်
ပေးကြရန် (သို့မဟုတ်) မပေးနိုင်ပါက ရန်ပုံငွေထည့်ရန်လည်း အကြောင်းကြားစာ
များ ပေးပို့ထားကြောင်း မူဆယ်ဒေသခံ ရှမ်းအသိုင်းဝိုင်းမှ အတည်ပြု ပြောဆိုပြီး
တအာင်းပလောင် လူငယ်များကလည်း တအာင်းပလောင် အမျိုးသမီးများပါ
ဖမ်းဆီးခံရမှုများ ရှိနေကြောင်း The Ladies သို့ အတည်ပြုပြောဆိုသည်။

‘မူဆယ် ပန်ဝိုင်းဘက်မှာ တအာင်းပလောင် လူငယ် အမျိုးသမီးတွေရော အမျိုးသား
တွေရော အဖမ်းခံလိုက်ရတယ် ကေအိုင်အေက ဆွဲသွားတာ’ ဟု တအာင်းပလောင်
ဒေသအတွင်း သတင်းများကို အဓိက ရေးသားထုတ်ဝေနေသည့် လားရှိုးအခြေစိုက်
မားနဂါးဂျာနယ်မှ အယ်ဒီတာ မိုင်းကောင်းဆိုင်က ပြောသည်။

ဖမ်းဆီးခေါ်ဆောင် သွားမှုများနှင့် ပတ်သက်၍ မူဆယ်အခြေစိုက် ရှမ်းစာပေ
ယဉ်ကျေးမှု အသင်းကလည်း ကန့်ကွက်ကြောင်း ကြေညာာချက်တစ်ရပ်ကို
ဒီဇင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားပြီး လူငယ်များကို မိဘများထံ
ပြန်လည် အပ်နှံရန်လည်း တောင်းဆိုထားသည်။

‘ကျန်တော်တို့က တိုင်းရင်းသား အရေးအတွက် တော်လှန်နေတဲ့ အဖွဲ့တွေကို ဘ၀တူ
တွေအဖြစ် သတ်မှတ်ပြီး တစ်ချိန်လုံး သူတို့ဘက်က ရပ်ခံပြောဆိုပေးခဲ့တယ်။ အခုလို
လက်နက်အားကိုးနဲ့ ပြည်သူတွေ အမျိုးသမီးတွေကို အနိုင်ကျင့်တာ တော်တော်
ရုပ်ဆိုးတယ် ။ ရှုံ့ချပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ
ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ထံ
The Ladies မှ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ခရီးသွားနေသောကြောင့်
ဆက်သွယ်၍ မရခဲ့ပေ။

ကေအိုင်အေနှင့် နီးစပ်သူတစ်ဦးကမူ တပ်မဟာ (၄) မှ ဖမ်းဆီး သွားသည်
ဆိုသည်မှာ မှန်ကန်ပါက ကေအိုင်အေမှ ပြန်လည် စိစစ်ပေးသွားမည် ဖြစ်ကြောင်း
ပြောသည်။

“တပ်မဟာ (၄) က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိနေတော့ ဗဟိုထိန်းချုပ်မှုနဲ့
အနည်းငယ်ဝေးနေတဲ့ အခြေနေမှာ ရှိနေပါတယ်” ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ
ဒေါ်ခွန်ဂျာက ပြောသည်။

ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်းနှင့် မြန်မာ့အရေး လေ့လာသူ
ဒေါက်တာနိုင်အောင်ကမူ “ကျန်တော့် အတွေ့အကြုံအရ တိုင်းရင်းသား
လက်နက်ကိုင်တွေ အနေနဲ့ တစ်ခါတစ်ခါ စစ်အစိုးရကို တော်လှန်ရင်း စစ်တပ်က
လုပ်နေတဲ့ လုပ်ရပ်တွေကိုပါ လိုက်ပြီး ကျူးလွန်မိတာတွေ ရှိတယ်။ အဓမ္မမှုဆိုတာ
မကောင်းပါဘူး။ ဒီပြသ၁နာတွေကို ဖြေရှင်းဖို့လိုတယ်။ ဥပမာအားဖြင့် ရှမ်းမြောက်မှာ
ကချင်တွေရှိနေတာ ၊ ကချင်ပြည်နယ်မှာ ရှမ်းတွေရှိနေတာ ခံနေရတာတွေကို
တော်လှန်ရေး လုပ်နေတာပဲဆိုပြီး မျက်ကွယ်မပြုသင့်ဘူး။ သက်ဆိုင်ရာ
တိုင်းရင်းသား ခေါင်းဆောင်တွေအနေနဲ့ ညှိနှိုင်းပြီး ဖြေရှင်းသင့်ပါတယ် ‘ ဟု
မှတ်ချက်ပြု ပြောဆိုသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies


အမျိုးသမီးများ အပါဝင် မူဆယ်ဒေသခံ အနည်းဆုံး လူ ၂၀ ကျော်ခန့်ကို ကေအိုင်အေ တပ်မဟာ ၄ မှ ဖမ်းဆီးထား   အမျိုးသမီးများ အပါဝင် မူဆယ်ဒေသခံ အနည်းဆုံး လူ ၂၀ ကျော်ခန့်ကို ကေအိုင်အေ တပ်မဟာ ၄ မှ ဖမ်းဆီးထား Reviewed by THITHTOOLWIN on 12:47 Rating: 5
Powered by Blogger.