ပဲခူး ကဝိဂျာနယ်တိုက်ပိုင်ရှင် ဒေါက်တာစိုးမြင့်သန်း၏ အိမ်ရှေ့တွင် လူအရိုးခေါင်း လာချိတ်၍ ခြိမ်းခြောက်မှု ဖြစ်ပွား



ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့က လူအရိုးခေါင်းပေါ်၌ မှင်ဖျက်ဆေးအဖြူဖြင့် “ဒေါက်တာ စိုးမြင့်သန်း (ခ) အောင်ထိပ်မင်းရဲ့ နောက်ဆုံးကဒါပဲ” ဟုရေးသားကာ အိမ်ရှေ့သံပန်းတံခါးတွင် လာရောက် ချိတ်ဆွဲ ခြိမ်းခြောက်ခံခဲ့ရကြောင်း က၀ိဂျာနယ်တိုက်ပိုင်ရှင် ဒေါက်တာစိုးမြင့်သန်းထံမှ သိရှိရသည်။ ပဲခူးမြို့ရှိ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ် ၇ လမ်း၊ အိမ်အမှတ်(၁၃၄၄)၊ အိမ်ရှေ့တံခါးတွင် ဒီဇင်ဘာ ၁၁ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် ဒေါက်တာစိုးမြင့်သန်း၏ သမီးဖြစ်သူ မမြသီတာစိုးမှာ ဆေးခန်းလာဖွင့်ချိန်၌ အိမ်ရှေ့ သံပန်းတံခါးတွင် ပလတ်စတစ်အိတ် အမဲရောင် တစ်လုံး ချိတ်ဆွဲထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကဝိဂျာနယ်တိုက် ပိုင်ရှင် ဒေါက်တာ စိုးမြင့်သန်းက ပြောသည်။

ယခုကဲ့သို့ ခြိမ်းခြောက်ခံရခြင်းမှာ ဂျာနယ်၏ ရပ်တည်ချက်ကြောင့် ဖြစ်နိုင်ကြောင်း ဒေါက်တာ စိုးမြင့်သန်းက ပြောသည်။“ပဲခူးအခြေစိုက် ကဝိဂျာနယ် အမှတ် ၈ အထိ ထုတ်ဝေရာမှာ ပြည်သူတွေဘက်
ကနေ အဓိက ရပ်တည်ရေးသား ခဲ့တဲ့အတွက် ခြိမ်းခြောက်စာနဲ့ ပတ်သက်ပြီးမကြောက်ဘူး။ ကဝိဂျာနယ်ကိုလည်း အမှတ်စဉ် တစ်ရာထိ ဆက်ထုတ်သွားမှာပါ။ ဘယ်ကိုမှ တိုင်ကြား ထားတာမျိုးလည်း မလုပ်ထားပါဘူး” ဟု ၄င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပဲခူးခရိုင် ဒုစရိုတ်နှိမ်နှင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်ယဉ်မင်းသိုက်နှင့် ဒုရဲအုပ် ယဉ်ထွေး၊ ပဲခူးမြို့အမှတ် ၁ ရဲစခန်းပိုင် စခန်းမှူး ဦးစိုးပိုင်နှင့် နယ်ထိန်း ခေါင်းဆောင်တို့အဖွဲ့၊ စစ်ဖက် ထောက်လှမ်းရေးအဖွဲ့တာဝန်ခံ ဗိုလ်ကြီးမင်းဟိန်းကျော်၊ ရှင်စောပုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် တို့မှ လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
“ကဝိဂျာနယ်တိုက် ဖြစ်တဲ့ကိစ္စမှာ ခြိမ်းခြောက်မှု ဖြစ်တဲ့အတွက် ရဲအရေးပိုင်မဟုတ်ပါဘူး။ အမှုဖွင့်လို့ မရပါဘူး။ ဘယ်သူဘယ်ဝါ လုပ်တာလဲဆိုတာ ဝိုင်းဝန်း စုံစမ်းပေးနေပါတယ်” ဟု ပဲခူးမြို့မ ရဲစခန်းမှ စခန်းမှူး ဦးစိုးပိုင်က ပြောသည်။

ငြိမ်ဝပ် ပိပြားရေးကို ပျက်ပြားစေရန် အကြံဖြင့် တမင်စော်ကားခြင်း ဆိုပါက ပုဒ်မ ၅၀၄ ဖြင့် တရားစွဲဆိုနိုင်ကာ ပြစ်ဒဏ်အားဖြင့် ၂ နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ပြီး ရာဇ၀တ်မှု မကင်းသော ခြောက်လှန့်မှု ဆိုပါက ပုဒ်မ ၅၀၆ ဖြင့် တရားစွဲဆိုနိုင်ကာ ပြစ်ဒဏ်အားဖြင့် ၂ နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ထံမှ သိရသည်။ ပဲခူးမြို့တွင် ဒေသထုတ် စာစောင်များဖြစ်သည့် Bago weekely၊ ဟံသာဝတီတိုင်းဂျာနယ်၊ ကဝိဂျာနယ်တို့ ဖြစ်ကြပြီး ကဝိဂျာနယ်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှစတင် ထုတ်ဝေခဲ့သဖြင့် ဂျာနယ်သက်တမ်း နှစ်လသာရှိ သေးကြောင်း သိရှိရသည်။

(The Ladies News)

https://www.facebook.com/News.TheLadies/
ပဲခူး ကဝိဂျာနယ်တိုက်ပိုင်ရှင် ဒေါက်တာစိုးမြင့်သန်း၏ အိမ်ရှေ့တွင် လူအရိုးခေါင်း လာချိတ်၍ ခြိမ်းခြောက်မှု ဖြစ်ပွား ပဲခူး ကဝိဂျာနယ်တိုက်ပိုင်ရှင် ဒေါက်တာစိုးမြင့်သန်း၏ အိမ်ရှေ့တွင် လူအရိုးခေါင်း လာချိတ်၍ ခြိမ်းခြောက်မှု ဖြစ်ပွား Reviewed by Staff Writer on 13:42 Rating: 5
Powered by Blogger.