ယာဉ်ရပ်နားစခန်းမှ ကားခိုးယူသွားသူအား ဖမ်းမိ


ယာဉ်ရပ်နားစခန်းမှ ကားခိုးယူသွားသူအား မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း စုံစမ်းဖမ်းဆီးအရေးယူထား
နေပြည်တော်၊ ဒီဇင်ဘာ ၃၁

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်နေ မဖြိုးဖြိုးသူ(ခ)ပုံ့ပုံ့(၃၂)နှစ်သည် သီးကုန်း ယာဉ်ရပ်နားစခန်းရှိ ရွှေအင်းလေးစားသောက်ဆိုင် ကားပါကင်တွင် 5K/×××× Honda Insight Ze-2 အဖြူရောင်ယာဉ်အားရပ်ထားကာ သူငယ်ချင်း မတင်မိုးခိုင်နှင့်အတူ စားသောက်ပြီး ပြန်ထွက်လာစဉ် ရပ်ထားသည့်ယာဉ်မှာ ပျောက်ဆုံးနေသောကြောင့် ၎င်းနေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် အရေးယူပေးရန်တိုင်တန်းရာ အလည်ရွာရဲကင်းစခန်း(ပ)၆၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

 ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး၏ ကွပ်ကဲမှုဖြင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေ စစ်ဆေးဆောင်ရွက်ခဲ့ရာ ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ယင်းမာပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက မိတ္ထီလာ-တောင်ကြီးကားလမ်းအတိုင်း တောင်ကြီးမြို့ ဘက်သို့ မောင်းနှင်လာသည့် 7F/2255 နံပါတ် တပ်ဆင်ထားသည့် Honda Insight Ze-2 အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ယာဉ်မောင်းမှာ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်နေ ဇော်ထိုက် (၃၆)နှစ်ဖြစ်ပြီး သီးကုန်းယာဉ်ရပ်နားစခန်းမှ အဆိုပါယာဉ်အား ခိုးယူလာခဲ့ခြင်းဖြစ်ကြောင်း၊ နတ်မောက်လမ်းခွဲအနီးအရောက် 5K/×××× နံပါတ်ပြားအားဖြုတ်ကာ ချုံထဲသို့လွှင့်ပစ်ခဲ့ပြီး အသင့်ယူဆောင်လာသည့် 7F/2255 နံပါတ်ပြားအား ပြောင်းလဲတပ်ဆင်ခဲ့ကြောင်းနှင့် မဖြိုးဖြိုးသူ (ခ)ပုံ့ပုံ့၏ ပျောက်ဆုံးသွားသည့် ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် သက်သေခံယာဉ် သိမ်းဆည်းပြီး ဇော်ထိုက်အား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ယာဉ်ရပ်နားစခန်းမှ ကားခိုးယူသွားသူအား ဖမ်းမိ   ယာဉ်ရပ်နားစခန်းမှ ကားခိုးယူသွားသူအား ဖမ်းမိ Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.