အေဂျီအန် ပင်လယ်အတွင်း ရုရှားရေတပ်က တူရကီသင်္ဘောကို သတိပေး ပစ်ခတ်မှုပြုလုပ်



မော်စကို ၊ ၁၄-၁၂-၂ဝ၁၅

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနသည် အေဂျီအန် ပင်လယ်အတွင်း ဖြစ်ပွားခဲ့သည့် မတော်တဆမှု အတွက် ရုရှားနိုင်ငံ ဆိုင်ရာ တူရကီ စစ်သံမှူးကို ဆင့်ခေါ်ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ရေး ဌာနက ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြား ထားသည်။

ရုရှားရေတပ်မှ ဖရီးဂိတ် သင်္ဘော Smetlivy သည် ဒီဇင်ဘာ ၁၃ ရက်က အေဂျီအန်ပင်လယ် မြောက်ပိုင်းရှိ ဂရိနိုင်ငံပိုင် လင်မ်နော့စ်ကျွန်းမှ ၂၂ ကီလိုမီတာ အကွာတွင် ခုတ်မောင်းနေစဉ် တူရကီ ငါးဖမ်းသင်္ဘော တစ်စင်းနှင့် တိုက်မိမလို ဖြစ်သည့် အတွက် သတိပေး ပစ်ခတ်မှု ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြား ထားသည်။

ထို့နောက် ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး အန်နာတိုလီ အန်တိုနော့ဗ် သည် မော်စကိုမြို့ရှိ တူရကီ စစ်သံမှူးကို ချက်ချင်း ဆင့်ခေါ်ကာ အေဂျီအန်ပင်လယ် အတွင်းရှိ တူရကီ သင်္ဘော တစ်စင်းသည် ရုရှား စစ်သင်္ဘော ခုတ်မောင်းရာ အနီးရှိ ၁ ကီလိုမီတာ အကွာအဝေးထိ ရောက်ရှိ လာကြောင်း၊ အဆိုပါ သင်္ဘောနှင့် ရေဒီယို ဆက်သွယ်မှု ပြုလုပ်ရာတွင် ပြန်လည် ဖြေကြားခြင်း မရှိသည့်အပြင် အချက်ပြမီးနှင့် မီးကျည်များ ပစ်ဖောက်မှု ကိုလည်း တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ သင်္ဘောသည် ရုရှား စစ်သင်္ဘော အနီး မီတာ ၆ဝဝ အထိ ရောက်ရှိ လာချိန်တွင် သင်္ဘောနှစ်စင်း တိုက်မိမှုကို ရှောင်ရှားရန် အတွက် သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရခြင်း ဖြစ်ကြောင်း နှင့်ယင်းသို့  သတိပေးပစ်ခတ် မှုကြောင့် တူရကီ သင်္ဘောမှာ လမ်းကြောင်း ပြောင်းလဲသွားခြင်း ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန က ပြောကြား ထားသည်။

ယင်း မတော်တဆ မှုသည် နိုဝင်ဘာ ၂၄ ရက်က ဆီးရီးယား -တူရကီ နယ်စပ်အနီး ပျံသန်းနေသော ရုရှား၏ Su-24 ဗုံးကြဲ လေယာဉ်ကို တူရကီလေတပ် က ပစ်ချခဲ့ခြင်း ကြောင့် တူရကီ- ရုရှား တင်းမာမှု မြင့်တက်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။



(Pyi Chit Thar)

http://www.pyichitthar.com/

အေဂျီအန် ပင်လယ်အတွင်း ရုရှားရေတပ်က တူရကီသင်္ဘောကို သတိပေး ပစ်ခတ်မှုပြုလုပ် အေဂျီအန် ပင်လယ်အတွင်း ရုရှားရေတပ်က တူရကီသင်္ဘောကို သတိပေး ပစ်ခတ်မှုပြုလုပ် Reviewed by Staff Writer on 13:55 Rating: 5
Powered by Blogger.