ရခိုင်ဆားတောင်သူများကို တစ်ဧကသုံးသိန်းကျပ်နှုန်းဖြင့် ငွေထုတ်ချေးပေးမည်


(ထိုင်းနိုင်ငံမှ အဆင့်မီ ဆားလုပ်ငန်းခွင် တစ်ခုအားတွေ့ရစဉ်)


နိရဉ္စရာ၊ ဒီဇင်ဘာ ၈

ရခိုင်ပြည်နယ်မှ ဆားတောင်သူများကို တစ်ဧက ကျပ်သုံးသိန်းနှုန်းဖြင့် မြန်မာနိုင်ငံ ဆားလုပ်ငန်းရှင်များ အသင်းမှ ငွေထုတ်ချေးပေးရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

ငွေချေးယူလိုသူ ဆားတောင်သူများသည် မြန်မာနိုင်ငံ ဆားလုပ်ငန်း ရှင်များအသင်း ထောက်ခံချက်၊ မိမိတို့ ဆားလုပ်ငန်း လုပ်ကိုင်နေသော မြေနေရာပုံစံ (၇)၊ ပုံစံ (၁၀၅)၊ မြန်မာနိုင်ငံ ဆားလုပ်ငန်းရှင်များ အသင်းဝင်ကတ်၊ အမှန်တကယ် ဆားကုန်ထုတ် လုပ်သူ ဖြစ်ကြောင်း တို့ဖြင့် လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်သည်ဟု သိရသည်။

မြန်မာနိုင်ငံ ဆားးလုပ်ငန်းရှင်များအသင်းမှ နိုဝင်ဘာ ၂၃ ရက်နေ့ နေ့စွဲဖြင့် ငွေချေး ယူနိုင်ကြောင်းကို ရခိုင်ပြည်နယ်မှ ဆားလုပ်ငန်း အဓိက လုပ်ကိုင်နေသော မြို့နယ်များတွင် ကြေညာချက် ထုတ်ပြန်ထားသည်ဟု ဆားလုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းငွေများကို ဆားလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် ဘဏ်တစ်ခုမှ ထုတ်ချေးပေးသွားမည်ဟု သိရသည်။

ယခုလို ငွေထုတ်ပေးရန် စီစဉ်နေခြင်းသည် အရင်းအနှီးနည်းပါး၍ အရည်အသွေး ပြည့်မီသော ဆားများကို ထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် ဈေးကွက်ပျောက်လာရာမှ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေသော ရခိုင် ဆားထုတ်လုပ်ငန်းကို ကျားကန်ပေးရန် ရည်ရွယ်ပုံရကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

( NarinjaraNews )

https://www.facebook.com/NarinjaraNews
ရခိုင်ဆားတောင်သူများကို တစ်ဧကသုံးသိန်းကျပ်နှုန်းဖြင့် ငွေထုတ်ချေးပေးမည် ရခိုင်ဆားတောင်သူများကို တစ်ဧကသုံးသိန်းကျပ်နှုန်းဖြင့် ငွေထုတ်ချေးပေးမည် Reviewed by Staff Writer on 15:24 Rating: 5
Powered by Blogger.