အီရန်လေတပ်က ဆီးရီးယားပဋိပက္ခအတွင်း ပါဝင်မည်






အီရန်နိုင်ငံသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆတ် အစိုးရ၏ ကိုယ်စား လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရန် ဆီးရီးယား နိုင်ငံသို့ တိုက်လေယာဉ် အုပ်နှစ်အုပ် ဖြန့်ကြက် ချထားရန် ပြင်ဆင်လျက် ရှိကြောင်း ဆီးရီးယား နိုင်ငံရေးများကို အနီးကပ် စောင့်ကြည့်နေသော ကူဝိတ်နိုင်ငံရှိ Al-Rai နေ့စဉ်သတင်းစာ က ဖော်ပြခဲ့ကြောင်း Newsnow သတင်းဌာနက ဒီဇင်ဘာ ၄ ရက်တွင် ဖော်ပြထားသည်။

ဆီးရီးယား ပဋိပက္ခတွင် အီရန်နိုင်ငံ ပါဝင်မှုသည် လေယာဉ်အုပ် နှစ်အုပ် ရောက်ရှိရေး အတွက်ကြိုတင် ပြင်ဆင်မှုနှင့် အတူ စစ်ဆင်ရေး ပိုမိုတိုးမြှင့် လာမည့် အခြေအနေသို့ ဦးတည်လျက် ရှိကြောင်း ရုရှား၊ အီရန်၊ အီရတ်၊ ဆီးရီးယားနှင့် ဟစ်ဇ်ဘိုလာ တို့ပါဝင်သော ၄+၁ စစ်ဘက်ဆိုင်ရာ ညွန့်ပေါင်း အဖွဲ့၏ ဒမတ်စကပ်မြို့ရှိ ပူးပေါင်း စစ်ဆင်ရေး အခန်းမှ သတင်း အရင်းအမြစ် များက ပြောကြားထားသည်။

ရုရှားနိုင်ငံ အနေဖြင့် စစ်ဆင်ရေးများ စတင် ဆောင်ရွက်ရန် ပြင်ဆင်လျက် ရှိသည့် အယ်လ်ရှေရတ် အခြေစိုက် စခန်းအနီး ဟွမ်းစ်မြို့ အရှေ့ပိုင်းရှိ Tiyas (T4) လေတပ် အခြေစိုက် စခန်းသို့ ရုရှားနိုင်ငံထုတ် Sukhoi တိုက်လေယာဉ်များ အား အီရန်နိုင်ငံက ဖြန့်ကြက်ချထား သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်း အရင်းအမြစ်များက ပြောကြား ထားသည်။

အဆိုပါ အီရန်လေယာဉ် များ၏ပစ်ခတ်မှု စနစ်များ တိုးတက်ကောင်းမွန် စေရေးနှင့် လိုအပ်သော ခဲယမ်းများအား ထောက်ပံ့ပေး ရေး တို့နှင့်အတူ ၄င်းလေယာဉ်များ အတွက် လိုအပ်သော ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများ အားလုံးကို ရုရှားနိုင်ငံက ဆောင်ရွက်ပေးရေး အီရန်နှင့်ရုရှား နိုင်ငံတို့ သဘောတူညီ ထားကြောင်း အဆိုပါ သတင်းအရင်း အမြစ်များက ထပ်လောင်း ပြောကြားသည်။

အီရန်နိုင်ငံသည် ဆီးရီးယား နိုင်ငံတွင် လေကြောင်းဆိုင်ရာ ကြားဝင် ဆောင်ရွက်မှု ပြုလုပ်မှုကို ၄င်း၏ လေယာဉ်မှူးများ စစ်ဆင်ရေး အတွေ့အကြုံ ရရှိစေမည့် အခွင့်အရေး တစ်ရပ်အဖြစ် ရှုမြင် ထားကြောင်း Al-Rai သတင်းစာက ဖော်ပြထားသည်ဟု သိရသည်။

( Pyi Chit Thar )

 http://www.pyichitthar.com




အီရန်လေတပ်က ဆီးရီးယားပဋိပက္ခအတွင်း ပါဝင်မည် အီရန်လေတပ်က ဆီးရီးယားပဋိပက္ခအတွင်း ပါဝင်မည် Reviewed by Staff Writer on 14:47 Rating: 5
Powered by Blogger.