အစိုးရ စစ်ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်မှု SSPP/SSA ဌာနချုပ် မြို့လယ်ဘုန်းကြီးကျောင်း ထိမှန်

ဓါတ်ပုံ- လက်နက်ကြီးဒဏ်ကြောင့် ပျက်စီးသွားသော ကျောင်းနှင့် ဆိုင်ကယ်
နိုဝင်ဘာ ၁၀ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်းကျေးသီးမြို့နယ် ဝမ့်ဟိုင်းမြို့သစ်ရှိ သျှမ်းပြည်တပ် မတော် SSPP/ SSA ဌာနချုပ်အား ယနေ့နံနက်ပိုင်းက အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ မြို့လယ်ဘုန်းကြီးကျောင်း အများအပြားထိမှန် ပျက်စီးသွားသည်ဟုသိရသည်။

နိုဝင်ဘာ ၁၀ ရက် ဒေသခံစံတော်ချိန် နံနက် ၁၀ နာရီအချိန်တွင် ဝမ့်ဟိုင်း ဌာနချုပ်အား အစိုးရတပ်မတော်မှမစ် ၃၅ (MI 35 ) စစ်ရဟတ်ယာဉ် ၃ စင်းဖြင့် ဗုံးအလုံး ၂၀ ကျော်ပစ် ခတ်သဖြင့် ဘုန်းကြီးကျောင်းအတွင်း ကျရောက်ရာ ဘုန်းကြီးကျောင်းသာသနိကအဆောက် အဦးထိမှန် ပျက်စီး ခဲ့ကြောင်း၊ ဆိုင်ကယ်တစီး မီးလောင်ပြာကျသွားကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြောသည်။

“လေယာဉ်သုံးစင်းကနေ အလုံးနှစ်ဆယ်ကျော်ပစ်ချတယ်။ ဗုံးကြီးကျောင်း ဝန်းထဲ ကျတဲ့ဟာ က ဆိုင်ကယ်တစီးထိမှန်ပေါက်ကွဲ မီးလောင်သွားတယ်။ ဘုန်းကြီးကျောင်းလဲ ဗုံးစထိမှန် တယ်၊ ဗုံးတလုံး ဇရပ်အောက်က မြေကြီးထဲ စိုက်ဝင်နေတယ်။ မကွဲသေးဘူး။ ဝမ့်လွေ မိုင်းအတ်ဘက်မှာလဲ ကျနော်တို့ တပ်စခန်းကို မနက် ၄ နာရီကနေ အခု ထက်ထိ ပြန်လာတိုက်နေတယ်” - ဟု ဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။

ထို့အတူ လွယ်ကျူမောက်ခေါဝ်မှ လဲ သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် အား ယနေ့ နံနက်ပိုင်း က ၈၁ မမ ဖြင့် ပစ်ခတ်သေးသည်ဟု နောက်တန်း အရာရှိ ဗိုလ်ကြီး စိုင်းမိဏ်းက ပြောသည်။

“နောင်လုမ် မှာလာကျတယ်။ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်တွေ လာရောက်ခိုလှုံနေ တာလေ။ သူတို့ကလှန့်ပြီး တခြားပိုလုံခြုံတဲ့နေရာကို ထပ်ရှောင်ခိုင်းထားရတယ်။ သူတို့ အဲ့မှာရှိနေရင် ဒီလေယာဉ်နဲ့လာတိုက် တဲ့ဟာ က ထိခိုက်ကျဆုံးမှု များမှာပဲ။ အထူးသဖြင့် ကလေးတွေပေါ့” - ဟု ပြောသည်။

လွယ်ကျူမောက်ခေါဝ် အခြေချ နေထိုင်သည့် မြန်မာ့တပ်မတော်မှ ဝမ့်ဟိုင်း ဌာနချုပ်အား ဒုတိယ အကြိမ် ပစ်ခတ်စဉ်ကတည်းက ဒေသခံ ၄၀၀၀ ကျော် တခြားဒေသသို့ ပြောင်းရွှေ့ ပြီးဖြစ်ကြောင်း၊ ဝမ့်ဟိုင်းဌာနချုပ်တွင် ၀မ့်ဆော့မှ ထပ်မံရောက်ရှိလာသည့် ဒုက္ခသည် တချို့သာ ရှိကြောင်း၊ ၎င်းတို့အားလည်း လုံခြုံစိတ်ချသည့်ဒေသသို့ ပြောင်းရွှေ့ထား ကြောင်း အဆိုပါ စစ်ဘေးရှောင် အရေး တာဝန်ခံ အရာရှိက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် နေပြည်တော် အစိုးရ နှင့် ပြည် နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည်ဆောက် ရပ် သဘောတူညီသည့် စာချုပ်အား ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက်နေ့ က လက် မှတ်ရေးထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
အစိုးရ စစ်ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်မှု SSPP/SSA ဌာနချုပ် မြို့လယ်ဘုန်းကြီးကျောင်း ထိမှန်   အစိုးရ စစ်ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်မှု SSPP/SSA ဌာနချုပ် မြို့လယ်ဘုန်းကြီးကျောင်း ထိမှန် Reviewed by THITHTOOLWIN on 18:38 Rating: 5
Powered by Blogger.