လာဘ်ပေးလာဘ်ယူ လုံးဝရှောင်ဖို့ SNLD ခေါင်းဆောင်တွေ တိုက်တွန်း

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ပထမဆုံးအကြိမ်ရုံးဖွင့်ပွဲကို လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်က သရဖီလမ်းမှာ ဇွန်လ ၂၄ ရက်နေ့က ဖွင့်လှစ်နေစဉ်။ Photo: Nay Thwae/ RFA
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေအနေနဲ့ လာဘ်ပေး လာဘ်ယူကိစ္စကို လုံးဝရှောင်ရှားဖို့ တိုက်တွန်းကြောင်း SNLD ပါတီ ထိပ်တန်းခေါင်းဆောင်တွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ကျားခေါင်းပါတီ (SNLD) ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြန်လည် သုံးသပ် ဆွေးနွေးတဲ့ အခမ်းအနားမှာ (SNLD) ပါတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောလိုက် တာဖြစ်ပါတယ်။

"ဒီနေ့ အဓိကဆွေးနွေးတာတော့ ငွေစာရင်းကိစ္စပေါ့နော်၊ နောက်တစ်ချက်က အရွေးချယ်ခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ရှေ့အနာဂတ်နိုင်ငံရေး အဆင့်အဆင့်က ဘယ်လိုဆောင်ရွက်သွားမလဲ၊ အဲ့ဒီမှာ အဓိကအချက်က လာဘ်ပေးလာဘ်ယူကိစ္စကို လုံးဝရှောင်ရှားပါ၊ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ပြီး ကျူးလွန်တာမျိုးရှိရင်လည်း ရှုတ်ချပါမယ်ဆိုတဲ့အသိလေး ကျနော်တို့ရပါတယ်ခင်ဗျ၊ အားလုံးကလည်း သဘောတူပါတယ်"

ဒီတွေ့ဆုံဆွေးနွေးပွဲကို ပါတီဥက္ကဌ ဦးခွန်ထွန်းဦးကိုယ်တိုင် တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်တွေရဲ့ ငွေစာရင်းရှင်းတမ်းကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါ့အပြင် ရှေ့လာမည့်နိုင်ငံရေးအခင်းအကျင်းမှာ ဘယ်လိုပူးပေါင်းပါဝင် ဆောင်ရွက်သွားနိုင်မလဲ ဆိုတာတွေ ကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၈ ကနေ ၃ဝ ရက်နေ့အထိ ၃ ရက်ကြာဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ SNLD ပါတီက ရှမ်းပြည်နယ်အတွင်း ပြည်သူ့လွှတ်တော်အတွက် ၁၂ နေရာအနိုင်ရပြီး၊ အမျိုးသား လွှတ်တော်အတွက် ၃ နေရာ အနိုင်ရရှိထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

လာဘ်ပေးလာဘ်ယူ လုံးဝရှောင်ဖို့ SNLD ခေါင်းဆောင်တွေ တိုက်တွန်း  လာဘ်ပေးလာဘ်ယူ လုံးဝရှောင်ဖို့ SNLD ခေါင်းဆောင်တွေ တိုက်တွန်း Reviewed by Unknown on 09:27 Rating: 5
Powered by Blogger.