မဲစာရင်းမှားယွင်းမှု နိုင်ငံရေးပါတီများနှင့် မဆိုင်ဟု NLD ပါတီ ပြောပြီ


 ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ မှားယွင်းသည့်
အားနည်းချက်မှာ နိုင်ငံရေး ပါတီများနှင့် သက်ဆိုင်မှုမရှိကြောင်း အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောဆိုလိုက်
သည်။

မဲစာရင်းများ ကြေညာပြီးနောက် မဲစာရင်းများ မှန်ကန်စေရန်အတွက် ပူးပေါင်း
ဆောင်ရွက်ရန် နိုင်ငံရေးပါတီများမှာ စည်းလုံးမှု မရှိသဖြင့် မှန်ကန်သော
မဲစာရင်းများ ဖြစ်ပေါ်လာခြင်း မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
နိုဝင်ဘာ ၅ ရက်က ထုတ်ပြန် ကြေညာသည့်အပေါ် ယင်းကဲ့သို့ တုံ့ပြန်လိုက်ခြင်း
ဖြစ်သည်။

“နိုင်ငံရေးပါတီက ကော်မရှင် မဟုတ်ဘူး။ မဲစာရင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်တာတွေ
ကိုလည်း ဘယ်ပါတီကမှ နှောင့်ယှက်တာ မရှိပါဘူး။ ဆန့်ကျင်တာလည်းမရှိဘူး။ အခုက
 ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းမှားတာကို တာဝန်မယူချင်လို့
ပြောတာပါ” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

မဲဆန္ဒရှင်စာရင်းအား စက်တင်ဘာ ၇ ရက်မှ ၁၄ ရက်အထိ တစ်နိုင်ငံလုံးတွင်
တစ်ပြိုင်တည်း ကြေညာခဲ့သော်လည်း ပါတီကြီးတစ်ခု၏ ဝေဖန်ပြစ်တင်မှုများကြောင့်
သတ်မှတ်ကာလတွင်း လာရောက်ကြည့်ရှုသူ နည်းပါးခဲ့ပြီး မဲဆန္ဒရှင်များ အတည်ပြု
ထားသော မဲစာရင်းအမှန်များ မဖြစ်ပေါ်ခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ကြေညာ
ခဲ့သည်။

မဲစာရင်းများ မှားယွင်းသည့် အားနည်းချက်များမှာ ရွေးကောက်ပွဲ ကော်မရှင်၏
အားနည်းချက် တစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် အပြစ်တင်မည့်အစား ပိုမို
ကောင်းမွန်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း တိုင်းရင်းသား
စည်းလုံးညီညွှတ်ရေး ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေကဆိုသည်။

“ကော်မရှင်ဘက်က အားနည်းတယ်။ ရပ်ကျေးကော်မရှင်တွေက အဓိက
အားနည်းချက်လို့ နိုင်ငံရေးပါတီဘက်ကို အပြစ်တင်စရာ မလိုဘူး။ ကျွန်တော့်
အမြင်ကတော့ ဟိုလူကြောင့်၊ ဒီလူကြောင့် အပြစ်တင်မယ့်အစား အဖြေရှာ
ရမှာပါ” ဟု ဦးဟန်ရွှေကပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က လေးကြိမ် ထုတ်ပြန် ကြေညာခဲ့ပြီး ပထမအကြိမ်
ထုတ်ပြန်ချက်တွင် မဲစာရင်းမှားယွင်းမှုများမှာ ၅၀ ရာခိုင်နှုန်းကျော် ရှိသောကြောင့်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဝေဖန်မှုများရှိနေခြင်း ဖြစ်သည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
မဲစာရင်းမှားယွင်းမှု နိုင်ငံရေးပါတီများနှင့် မဆိုင်ဟု NLD ပါတီ ပြောပြီ  မဲစာရင်းမှားယွင်းမှု နိုင်ငံရေးပါတီများနှင့် မဆိုင်ဟု NLD ပါတီ ပြောပြီ Reviewed by THITHTOOLWIN on 18:54 Rating: 5
Powered by Blogger.