ISIS စစ်သွေးကြွများ၏ စခန်း ၄၇၀ ကျော်ကို ရုရှားလေကြောင်းမှ တိုက်ခိုက်


မော်စကို ၊ ၂၅-၁၁-၂၀၁၅

ရုရှားလေတပ် သည် ဆီးရီးယားနိုင်ငံ တစ်ဝန်းရှိ ISIS အစ္စလာမ်မစ် စစ်သွေးကြွ များ၏စခန်း ၄၇ဝ ကျော်ကို လွန်ခဲ့သော နှစ်ရက်အတွင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြား ထားကြောင်း Press TV သတင်းတစ်ရပ် အရ သိရသည်။

ရုရှား တိုက်လေယာဉ် များသည် အလက်ပို ၊ ဒမတ်စကပ် ၊ အီဒလစ် ၊ လာတာကီးယား ၊ ဟွန်းစ်နှင့် ဒေးအယ်လ်ဇော် ပြည်နယ်တို့ အတွင်းရှိ ISIS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့၏ စခန်းပေါင်း အနည်းဆုံး ၄၇၂ ခုခန့် အပေါ်သို့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် အီဂေါကို နာရှန်ကော့ဗ် က ပြောကြားသည်။


ရုရှားလေတပ် ၏ လေကြောင်း တိုက်ခိုက်မှုသည် ISIS အစ္စလာမ်မစ် စစ်သွေးကြွ များ ထိန်းချုပ်ထားသည့် ရေနံချက် စက်ရုံများ အတွင်းရှိ ရေနံစိမ်းများအား တင်ဆောင် ထားသော လောင်စာဆီ တင်ယာဉ် ၁ဝဝဝ ကိုလည်း မီးလောင် ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ ရုရှားလေယာဉ် အားလုံးသည် လာတာကီးယား ပြည်နယ်အနီးရှိ Khmeimim လေတပ် အခြေစိုက် စခန်းသို့ ပြန်လည် ရောက်ရှိ ခဲ့ပြီ ဖြစ်ကြောင်း နာရှန်ကော့ဗ် က ပြောကြားသည်။

ထို့အပြင် ရုရှားလေတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ရက်ခါမြို့ အနောက်တောင်ပိုင်း ၁၅ ကီလိုမီတာ အကွာတွင် တည်ရှိသည့် အဓိက ရေနံဆိပ်ကမ်း တစ်ခုလည်း ပျက်စီးခဲ့ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

PyiChitThar
http://www.pyichitthar.com
ISIS စစ်သွေးကြွများ၏ စခန်း ၄၇၀ ကျော်ကို ရုရှားလေကြောင်းမှ တိုက်ခိုက်  ISIS စစ်သွေးကြွများ၏ စခန်း ၄၇၀ ကျော်ကို ရုရှားလေကြောင်းမှ တိုက်ခိုက် Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.