IS အပေါ် အနိုင်ရရှိနေလို့ Kurdish တပ်ပြော

Kurdish စစ်သားများ (Credit: Reuters) 
 ဆီးရီးယားနိုင်ငံက ​Kurdish ​လူမျိုး ​လက်နက်ကိုင် ​တပ်ဖွဲ့တွေက ​ဆီးရီးယားနိုင်ငံ ​Hasakah ​တိုက်ပွဲမှာ ​IS ​အပေါ် ​အနိုင်ရရှိနေပြီလို့ ​ပြောပါတယ်။

အမေရိကန်က ​ဦးဆောင်တဲ့ ​မဟာမိတ် ​လေတပ်က ​ဝေဟင်ကနေ ​ကူညီတိုက်ခိုက်ပေးနေတာ ​ဖြစ်တယ်လို့လည်း ​Kurdish ​အဖွဲ့က ​ပြောပါတယ်။

Kurdish ​တပ်ဟာ ​Syrian ​Democratic ​Forces ​လို့ခေါ်တဲ့ ​ဆီးရီးယား ​အစိုးရကို ​ဆန့်ကျင်တဲ့ ​အုပ်စုနဲ့ ​ပူးပေါင်းပြီး ​IS ​ကို ​တိုက်ခိုက်နေတာ ​ဖြစ်ပါတယ်။

Kurdish ​တပ်တွေရဲ့ ​လက်ချက်ကြောင့် ​IS ​ဘက်က ​စစ်သား ​၂၀၀ ​ကျဆုံးသွားတယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​ဝေဟင်တိုက်ခိုက်မှုကြောင့် ​နောက်ထပ် ​IS ​တပ်သား ​၁၉၅ ​ယောက် ​ကျဆုံးခဲ့ရတယ်လို့လည်း ​ဆိုပါတယ်။

အဲဒီလို ​အခြေအနေကြောင့် ​IS ​အဖွဲ့ဟာ ​မြို့ထဲကနေ ​ထွက်ပြေးပြီး ​ကျေးရွာတွေမှာ ​ပုန်းအောင်းနေရတယ်လို့ ​ဆိုပါတယ်။

ဆီးရီးယား ​အစိုးရပိုင် ​စစ်တပ်စခန်းကိုလည်း ​IS ​အဖွဲ့က ​၅ ​လကြာ ​သိမ်းပိုက်နိုင်ပေမယ့် ​အခုအခါမှာ ​Kurdish ​တပ်တွေက ​ပြန်လည် ​သိမ်းပိုက်နိုင်ခဲ့ပြီလို့ ​ဆိုပါတယ်။
ပြင်သစ်ကလည်း ​တိုက်ခိုက်မှုကို ​တိုးချဲ့



IS ​ရဲ့ ​အကြမ်းဖက်မှုကို ​ခံခဲ့ရတဲ့ ​ပြင်သစ်နိုင်ငံကလည်း ​ထိုးစစ်ဆင်မှုတွေ ​တိုးချဲ့လုပ်ကိုင်နေပါတယ်။

တနင်္လာနေ့တုန်းကပဲ ​ဆီးရီးယားနိုင်ငံက ​IS ​ကို ​ဝေဟင်ကနေ ​ပစ်မှတ်ထားပြီး ​တိုက်ခိုက်မှုတွေ ​လုပ်ခဲ့သလို ​စစ်သင်္ဘောကနေလည်း ​လှမ်းပစ်ခတ်တာမျိုး ​လုပ်ခဲ့တယ်လို့ ​ဆိုပါတယ်။

အဲဒီလို ​တိုက်ခိုက်မှုအတွင်း ​IS ​အဖွဲ့ရဲ့ ​command ​စင်တာ ​တစ်ခုကို ​ဖျက်သိမ်းနိုင်လိုက်သလို ​တခြား ​စစ်သုံးပစ္စည်းတွေကိုလည်း ​ဖျက်ဆီးနိုင်ခဲ့တယ်လို့ ​ပြောပါတယ်။

ဒါ့အပြင် ​တနင်္လာနေ့မှာပဲ ​အီရတ်နိုင်ငံမှာရှိတဲ့ ​IS ​ကိုလည်း ​ပြင်သစ်က ​ပထမဆုံးအကြိမ် ​တိုက်ခိုက်မှုတွေ ​လုပ်လိုက်ပါတယ်။

ပြင်သစ်နိုင်ငံ ​ပဲရစ်မြို့မှာ ​လွန်ခဲ့တဲ့ ​၁၀ ​ရက်လောက်က ​အကြမ်းဖက် ​ဖြစ်ပေါ်ပြီးတဲ့နောက် ​ပြင်သစ် ​အစိုးရက ​IS ​အဖွဲ့အပေါ် ​တိုက်ခိုက်မှုတွေ ​ဆက်တိုက်ဆိုသလို ​တိုးချဲ့လုပ်ဆောင်နေတာ ​ဖြစ်ပါတယ်။

အလားတူ ​ဗြိတိန်ကလည်း ​Cyprus ​မှာ ​ရှိတဲ့ ​သူတို့ရဲ့ ​လေတပ် ​စခန်းကို ​အသုံးပြုပြီး ​IS ​ကို ​တိုက်ခိုက်မှု ​လုပ်နိုင်တယ်လို့ ​ပြင်သစ်ကို ​ကမ်းလှမ်းထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
IS အပေါ် အနိုင်ရရှိနေလို့ Kurdish တပ်ပြော  IS အပေါ် အနိုင်ရရှိနေလို့ Kurdish တပ်ပြော Reviewed by THITHTOOLWIN on 09:18 Rating: 5
Powered by Blogger.