ပြစ်မှုကျူးလွန်ပြီး လူစားထိုးတဲ့ ဒုရဲအုပ်ကို အရေးယူပြီ


 စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်တက်လမ်းတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုမှ ပြစ်မှုကျူးလွန်သူအစစ်အား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၃၀

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်၊ စစ်ကိုင်းတောင်တက်လမ်းတွင် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်နေ သွားဆရာဝန် ဦးဌေးလွင်(၅၇)နှစ်မောင်းနှင်ပြီး မစန္ဒီ လိုက်ပါလာသည့် ၄၂ယ/×××× Scoopy ဖြူ/နီကြားရောင်ဆိုင်ကယ်အား လားရာတူ မြောက်မှ တောင်သို့ အမည်မသိယာဉ်မောင်း မောင်းနှင် လာသော 1J/×××× WISH အဖြူရောင်ယာဉ်က နောက်မှဝင်တိုက်ပြီး ထွက်ပြေးမောင်းနှင်သွားခဲ့၍ ဦးဌေးလွင်နှင့် မစန္ဒီတို့တွင် ဒဏ်ရာများအသီးသီးရရှိကာ ဆေးရုံသို့ပို့ဆောင်ကုသမှုခံယူခဲ့ရသဖြင့် စစ်ကိုင်းမြို့မရဲစခန်း ယာဉ်(ပ)၉၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

အဆိုပါဖြစ်စဉ်မှ ဒဏ်ရာရရှိသူ ဦးဌေးလွင်မှာ မန္တလေးပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ၂၁-၁၁-၂၀၁၅ ရက်နေ့ ၁၀၃၀ အချိန် သေဆုံးသွားခဲ့၍ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ သို့ ပြောင်းလဲ စစ်ဆေးခဲ့ရာ ၂၂-၁၁-၂၀၁၅ ရက်နေ့ ၀၈၃၀ အချိန်တွင် စစ်ကိုင်းမြို့မရဲစခန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲအုပ် ဉာဏ်တင် ရောက်ရှိလာပြီး ယာဉ်တိုက်မှုဖြစ်ပွားသည့် ၎င်း၏ 1J/×××× WISH အဖြူရောင်မော်တော်ယာဉ်နှင့် အခင်းဖြစ်စဉ်က ယာဉ်အားမောင်းနှင်သည်ဆိုသူ ၎င်း၏ယောက်ဖ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အုတ်စက်ရပ်နေ သိန်းအောင်(၄၈)နှစ်အား အပ်နှံသဖြင့် အမှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အခင်းဖြစ်ချိန်တွင် ယာဉ်မောင်းနှင်သူမှာ သိန်းအောင် မဟုတ်ဘဲ ဒုရဲအုပ် ဉာဏ်တင် ကိုယ်တိုင်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ၃၀-၁၁-၂၀၁၅ ရက်နေ့ ၁၆၄၅ အချိန် အမှုဖြင့်ဖမ်းဆီးခဲ့ကြောင်း၊ ရေးဖွင့်ထားသည့် ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အပြင် ဥပဒေ အကြံပြုချက်တောင်းခံရယူ၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၀၃ ဖြင့်ပါ အရေးယူမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရလည်း ထပ်မံအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခင်းဖြစ်ချိန်က ယာဉ်အားမောင်းနှင်ခြင်းမပြုဘဲ မောင်းနှင်ကျူးလွန်ခဲ့ကြောင်း သူတစ်ပါးအယောင်ဆောင်ခဲ့သည့် ဒုရဲအုပ် ဉာဏ်တင်၏ယောက်ဖ သိန်းအောင် ကိုလည်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၀၅ ဖြင့် ၁-၁၂-၂၀၁၅ ရက်နေ့တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ တရားစွဲဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ပြစ်မှုကျူးလွန်ပြီး လူစားထိုးတဲ့ ဒုရဲအုပ်ကို အရေးယူပြီ   ပြစ်မှုကျူးလွန်ပြီး လူစားထိုးတဲ့ ဒုရဲအုပ်ကို အရေးယူပြီ Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.