မျိုးဗီဇပြောင်းထားတဲ့ ခြင်တွေမှာ ငှက်ဖျားရောဂါ ခုခံနိုင်စွမ်းရှိ


ငှက်ဖျားရောဂါဖြစ်ပွားမှုကို ခုခံကာကွယ်နိုင်တဲ့ မျိုးဗီဇ ပြောင်းလဲထားတဲ့ ခြင်တွေကို အမေရိကန် သိပ္ပံပညာရှင်တွေက မွေးမြူထားတယ်လို့ သိရပါတယ်။

တကယ်လို့ ဓာတ်ခွဲစမ်းသပ်ချက် အောင်မြင်မယ်ဆိုရင် လူတွေကို ခြင်ကိုက်ရာက တဆင့် ကူးစက်နိုင်တဲ့ ငှက်ဖျားရောဂါကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းသစ် တစ်ခု ပေါ်ထွက်လာနိုင်မှာ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

Crispr လို့ ခေါ်တဲ့ မျိုးဗီဇ ပြုပြင်ပြောင်းလဲတဲ့ ဖြစ်စဉ်မှာ ခြင်ရဲ့ ဒီအန်အေ ထဲကို ခုခံနိုင်စွမ်းရှိ မျိုးဗီဇသစ်ကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီလို မျိုးဗီဇသစ် ပြောင်းထည့်ပေးလိုက်တဲ့ ခြင်တွေ မိတ်လိုက်ပြီး ပေါက်ဖွားလာတဲ့ ခြင်သားပေါက်တွေမှာလည်း ငှက်ဖျားရောဂါကူးစက်မှု ခုခံနိုင်စွမ်း ရှိတာ တွေ့ရှိရတယ်လို့ PNAS ဂျာနယ်မှာ ဖော်ပြပါတယ်။

အခုလို နည်းသစ်အရ မျိုးဗီဇ ပြောင်းလဲထားတဲ့ ခြင်တွေက လူတွေကို ကိုက်မယ်ဆိုရင် ငှက်ဖျားရောဂါဖြစ်စေတဲ့ ကူးစက်ပိုး မပြန့်ပွားနိုင်တော့ဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့လူဦးရေ တ၀က်နီးပါးခန့်ရှိတဲ့ လူပေါင်း ၃.၂ ဘီလီယံဟာ ငှက်ဖျားရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ခြင်ကိုက်မခံရအောင် ကာကွယ်တဲ့ ခြင်ထောင်တွေ၊ ခြင်ဆေးတွေ၊ ပိုးသတ်ဆေးတွေ နဲ့ ငှက်ဖျားရောဂါ ကုသတဲ့ ဆေးဝါးတွေ ရှိနေပေမယ့် ကမ္ဘာတ၀န်းမှာ ငှက်ဖျားရောဂါနဲ့ တစ်နှစ်ကို လူပေါင်း ၅ သိန်း ၈ သောင်း ခန့် သေဆုံးနေတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီများက အိန္ဒိယနိုင်ငံမှာ တွေ့ရှိရတဲ့ Anopheles stephensi ခြင်အမျိုးအစား တစ်မျိုးကို ယူပြီး အခုလို မျိုးဗီဇ ပြောင်းလဲ စမ်းသပ်နေတာ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါပိုး သယ်ဆောင်တဲ့ ခြင်တွေနေရာမှာ အစားထိုးနိုင်ဖို့ မျိုးဗီဇ ပြောင်းလဲထားတဲ့ ခြင်တွေ မွေးမြူနိုင်ရေးဟာ အန်မတန်အရေးကြီးတဲ့ ကဏ္ဍဖြစ်တယ်လို့လည်း သုတေသီတွေက ယုံကြည်ကြပါတယ်။

အခုစမ်းသပ်နေတဲ့ အိန္ဒိယ ခြင်အမျိုးအစားအပြင် တခြား ခြင်အမျိုးအစားတွေမှာလည်း မျိုးဗီဇ ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း၊ အခု စမ်းသပ်တွေ့ရှိချက်ဟာ ငှက်ဖျားရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တဲ့နည်း မဟုတ်ပေမယ့် တနည်းအားဖြင့် အထောက်အကူပြု နိုင်မှာဖြစ်ကြောင်း ဒေါက်တာ အန်တိုနီ ဂျိမ်းစ် ခေါင်းဆောင်တဲ့ သုတေသီအဖွဲ့က ပြောကြားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
မျိုးဗီဇပြောင်းထားတဲ့ ခြင်တွေမှာ ငှက်ဖျားရောဂါ ခုခံနိုင်စွမ်းရှိ  မျိုးဗီဇပြောင်းထားတဲ့ ခြင်တွေမှာ ငှက်ဖျားရောဂါ ခုခံနိုင်စွမ်းရှိ Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.