မေယူတောင်တွင် သစ်တောများပြုန်းတီးလာရာမှ ဆင်ရိုင်းအုပ်များ လူနေကျေးရွာများထိ ဆင်းလာပြီး စပါးခင်းများကို ၀င်စား


 ဘူးသီးတောင်၊ နိုဝင်ဘာ၂၉

 မြန်မာနိုင်ငံမှ တောဆင်ရိုင်းများ အဓိက ကျက်စားရာ တောင်တန်း တစ်ခု ဖြစ်သော မေယူတောင်တွင် သစ်များကို စည်းမဲ့ကမ်းမဲ့ ခိုးထုတ်နေကြ၍ သစ်တောများ ပြုန်းတီးလာသဖြင့် တောဆင်ရိုင်းများ အစားအစာ ရှားပါးလာကာ လူနေကျေးရွာများအထိ ဆင်းလာပြီး မှည့်နေသော စပါးစိုက်ခင်းများကို ၀င်ရောက် စားသောက်မှုများ ရှိနေကြောင်း သိရသည်။

သို့အတွက် မေယူတောင်တန်း အနီးရှိ တောင်သူလယ်သမားများ အနေဖြင့် အထူး အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း (ပ) အိုးသည်မ ကျေးရွာအုပ်စုရှိ စပါး စိုက်ခင်များသို့ နိုဝင်ဘာ (၂၈)နေ့ ညဥ့်အချိန်က မေယုတောင်တန်းမှ တောဆင်ရိုင်း ၁၀ ကျော် ၀င်ရောက်ပြီး စားခဲ့သဖြင့် စပါးစိုက်ခင်း ဧက အများအပြား ပျက်စီး ခဲ့သည်ဟု သိရသည်။

“ဆင်တွေက အုပ်စုလိုက်လာကြတယ်။ တစ်အုပ်စုမှာ ဆယ့်ကောင်၊ ဆယ့်ငါးကောင်ကောင် အဲသလို ပါတယ်။ အားလုံး ပေါင်းလိုက်ရင် အကောင်နှစ်ဆယ်လောက်ဖြစ်သွားတယ်။ သူတို့ တစ်ည ၀င်စားသွားရင် လယ် ဧက သုံးဆယ်လောက် ပါသွားတယ်။ သူတို့တွေက စပါးသီးနှံပေါ်ချိန်ဆိုရင် ခုလိုမျိုး မေယုတောင်တန်းကနေ လူနေ ရွာတွေထိ ဆင်းလာပြီး စပါးခင်းတွေကို ၀င်စားကြတယ်။ ဒီနှစ်တော့ အဆိုးဆုံးပါပဲ” ဟု ဖက်လိပ် ပေါက်တော ကျေးရွာနေ ဦးမောင်သန်းလှိုင်က ပြောကြားသည်။


(ပ) အိုးသည်မ ကျေးရွာနှင့် ကပ်ရပ် တည်ရှိနေသာ မောင်နှမကျေးရွာနေ လယ်သမားကြီး ဦးကျော်ဇောမောင်ကလဲ “ ဒီနှစ်တော့ တော်တော်ကြီးကို အခြေအနေ ဆိုးပါတယ်။ တောဆင်ရိုင်းကို ကြောက်လို့ စပါး မမှည့်ရင့်သေးပေမဲ့ ခုကတည်းက ရိပ်သိမ်းနေရပြီ။ ကိုယ်ဦးရင်ဦး ကိုယ်မဦးရင် ဆင်ဦးသွားမယ်ဆိုတော့ အချိန်မတန်သေးပေမဲ့ စပါးတွေကို ရိတ်သိမ်းနေရပါတယ် ”ဟု ညဉ်းညူး ပြောဆိုသည်။

ယခုကဲ့သို့ တောဆင်ရိုင်းများ၏ အန္တရာယ်ကို တစ်နှစ်ထက် တစ်နှစ် ပိုမို ကြုံတွေ့ လာရခြင်းမှာ မေယုတောင်တန်းတွင် သစ်များကို ခိုးထုတ်နေခြင်းကြောင့် သစ်တောများ ပြုန်းတီးမှု အပါအ၀င် ထင်း၊မီးသွေး၊ အုတ်ဖုတ် ထင်းများကို အလွန်အကြူး ထုတ်လုပ်မှုကြောင့် ဖြစ်သည်ဟု (ပ)အိုးသည်မ အုပ်ချုပ်ရေးမှုး မောင်သိန်းလှိုင်က သုံးသပ်ပြောဆိုသည်။

“မေယုတောင်တန်းပေါ်တွင် သစ်ပင်၊ ဝါးပင်တွေကို အလွန်အကြူး ခုတ်ပြီး တရားမ၀င် ခိုးထုတ်နေကြတယ်။ ပြီးတော့ ထင်း၊မီးသွေး၊ အုတ်ဖုတ် ထင်းတွေကို အကန့် အသတ်မရှိ ထုတ်လုပ်တယ်။ ဒါတွေက သစ်တော ပြုန်းတီးပြီး ဆင်တွေရဲ့စားကျက်တွေ ကျဉ်းမြောင်း လာသလို သူတို့တွေကို လယ်ကွင်းတွေဆီသို့ ရောက်အောင် တွန်းပို့ သလို ဖြစ်နေပါတယ်” ဟု သူက ဆိုသည်။

မေယူတောင်တန်းသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်များ အကြားတွင် တွင်ရှိသော သစ်တော ထူထပ်သော တောင်တန်း တစ်ခုဖြစ်ပြီး ဆင်းရိုင်းများ ကျက်စားကာ စစ်အစိုးလက်ထက်က ဖမ်းဆီးမိခဲ့သော ဆင်ဖြူတော်များကိုလည်း ဤတောင်တန်းမှ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ မေယူတောင်တန်းမှ သစ်တောများကို စည်းမဲ့ကမ်းမဲ့ ထုတ်ယူနေကြလျင် များမကြာမီ သစ်တောများ ပြုန်းတီးပြီး ဂေဟ စနစ်ပျက်စီးသွားမည့်အပြင် ၎င်းတောင်တန်းတွင် ကျက်စားနေသော ဆင်များလည်း တဖက်နိုင်ငံ တောင်တန်းများ သို့ ပြောင်းရွေ့  ကျက်စားသွားနိုင်ကြောင်း ဘူးသီးတောင်မြို့မှ သဘာဝ ပတ်ဝန်းကျင် အရေး ဆောင်ရွက်နေသူ ဦးကျော်လွှင်က ပြောသည်။

စပါးသီးနှံပေါ်ချိန်တွင် မေယုတောင်တန်း များမှ တောဆင်ရိုင်း အုပ်စုလိုက် ၀င်ရောက် စားသောက် လေ့ရှိသော်လည်း ယခုနှစ်တွင် အဆိုးရွား ဆုံး ဖြစ်နေပြီး လယ်သမားများ မှ ဗြောက်အိုး များ ဖောက်ခြင်း၊ ကောက်ရိုး မီးများမီးရှို့ခြင်းကို ပြုလုပ်ပြီး ဆင်များ ကို ခြောက်လှန့်သော်လည်း ထွက်မပြေးသည့် အပြင် ဒေါသထွက်နေသော ဆင်များက ကျွဲနွားများကို တခါတစ်ရံတွင် သတ်ပစ်ခဲ့မှုများ ရှိနေသည်ဟု သိရသည်။ ထိုအထဲတွင် သင်းကွဲဆင်များသည် ကြောက်စရာအလွန်ကောင်းပြီး လူကိုပင် ရန်မူ တိုက်ခိုက်လေ့ရှိသည်ဟု သိရသည်။

(၀င်ရောက် ဖျက်ဆီးခံခဲ့ရသော စပါးခင်းများကို လယ်သမားများ စစ်ဆေးနေစဉ်)
ခိုင်ခန့်အောင်(ဘူးသီးတောင်)
Arakan State
https://www.facebook.com/NarinjaraNews
မေယူတောင်တွင် သစ်တောများပြုန်းတီးလာရာမှ ဆင်ရိုင်းအုပ်များ လူနေကျေးရွာများထိ ဆင်းလာပြီး စပါးခင်းများကို ၀င်စား   မေယူတောင်တွင် သစ်တောများပြုန်းတီးလာရာမှ ဆင်ရိုင်းအုပ်များ လူနေကျေးရွာများထိ ဆင်းလာပြီး စပါးခင်းများကို ၀င်စား Reviewed by THITHTOOLWIN on 12:43 Rating: 5
Powered by Blogger.