ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုရင်ဆိုင်နေရသည့် ကျောင်းသားများအမှု ပန်းဘဲတန်းရုံးတွင် တရားလိုပြ သက်သေ စစ်ဆေး


 ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် တစ်ပေါင်းတည်း စစ်ဆေးရန် အမိန့်ချထားသည့်
ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုရင်ဆိုင်နေရသည့် ကျောင်းသားနှစ်ဦး၏ အမှုအား
တစ်ပေါင်းတည်း စစ်ဆေးနေသည့် သုံးကြိမ် မြောက်ရုံးချိန်းတွင် တရားလိုပြ
သက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ နှစ်ဦး၏အမှုအား
နိုဝင်ဘာလ (၂၄)ရက် နံနက် ၁၀ နာရီက ရုံးထုတ် စစ်ဆေးခြင်းဖြစ်ပြီး အဆိုပါ
အမှုအတွက် ကျောက်တံတား မြို့နယ် အုပ်ချုပ်ရေးမှူး တင်ပြထားသည့်
တရားလိုပြ သက်သေငါးဦးအနက် ယခုရုံးချိန်းအထိ စစ်ဆေးပြီးသည့်
တရားလိုပြ သက်သေသုံးဦး ရှိပြီဖြစ်ကြောင်း တရားရင်ဆိုင်နေရသည့် ကျောင်းသား
တစ်ဦးဖြစ်သည့် ကိုဇေယျာလွင်၏ ရှေ့နေဦးကျော်ဟိုးထံမှ သိရသည်။

“ဒီနေ့ ကျောက်တံတားအမှုမှာ တရားလိုသုံးဦး စစ်ဆေးပြီးပြီ။ နှစ်ယောက်ပဲ
ကျန်တော့တယ်ပေါ့။ ပန်းဘဲတန်းအမှုမှာ သက်သေကိုးယောက်မှာ သုံးဦး
စစ်ဆေးပြီးပြီပေါ့။ ဒီနေ့က ဟောတဲ့ပြောတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး
စစ်တာပေါ့။ ကျောက်တံတား အမှုကတော့ မြန်မြန်ပြီးနိုင်တယ်”ဟု ဦးကျော်ဟိုးက
ပြောသည်။

ကျောင်းသားနှစ်ဦး၏ အမှုမှာ ကျောက်တံတားမြို့နယ် တရားရုံးနှင့် ပန်းဘဲတန်း
မြို့နယ်တရားရုံးနှစ်ခု တွင် သီးခြားစီ စစ်ဆေးနေရာမှ ဖမ်းဆီးခံ ကျောင်းသားနှစ်ဦး၏
အမှုမှာ ဖြစ်စဉ်တူညီခြင်း၊ စွဲဆိုထားသည့် ပုဒ်မတူညီခြင်းများကြောင့် နှစ်ရုံးတစ်ရုံး
ပေါင်းစစ်ဆေးရန် ရန်ကုန်အနောက်ပိုင်းခရိုင်မှ ခရိုင် တရားသူကြီးက
အောက်တိုဘာလ ၂၆ ရက်က အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တစ်ပေါင်းတည်း စစ်ဆေးခြင်းအား ပြန်လည်စိစစ်ပေးရန် တိုင်းတရား
လွှတ်တော်သို့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မိသားစုဝင်များက တင်ပြရန်
စီစဉ်နေကြောင်း သိရသည်။

“ ရှေ့နေကို လျှောက်လွှာရေးထားတာတော့ ပြပြီးပြီ။ ဒီနေ့ပဲ တိုင်းတရားလွှတ်တော်
ကို ပြန်လည် စိစစ်ပေးဖို့ တင်ပြသွားမှာပါ” ဟု ကိုဇေယျာလွင်၏ အဒေါ်ဖြစ်သူ
ဒေါ်ဝင်းဝင်းလှိုင်က ပြောသည်။

အဆိုပါ ကျောင်းသားနှစ်ဦးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ပေးရေးနှင့်
လွှတ်တော်တွင်း ရောက်ရှိနေသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်
၂၅ ရာခိုင်နှုန်း နုတ်ထွက်ပေးရန် ဇွန်လ ၃၀ ရက် ညနေပိုင်းက သိမ်ကြီးဈေးမှ
မြို့တော်ခန်းမရှေ့အထိ ခွင့်ပြုချက်မတင်ဘဲ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည့်
အတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုပေးရန် ကျောက်တံတား
မြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့မှ အုပ်ချုပ်ရေးမှူးတို့က ဇူလိုင်လ ၁ ရက်တွင်
မြို့နယ် တရားသူကြီးများထံသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၈ ရက်နေ့သို့ ချိန်းဆိုထားပြီး စစ်ဆေးရန်
ကျန်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှစ်ဦးကို ဆက်လက် စစ်ဆေးသွားမည်
ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် တရားရုံးမှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုရင်ဆိုင်နေရသည့် ကျောင်းသားများအမှု ပန်းဘဲတန်းရုံးတွင် တရားလိုပြ သက်သေ စစ်ဆေး   ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုရင်ဆိုင်နေရသည့် ကျောင်းသားများအမှု ပန်းဘဲတန်းရုံးတွင် တရားလိုပြ သက်သေ စစ်ဆေး Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.