ဆက်သွယ်ရေးဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် မချောစန္ဒီထွန်းကို လေးကြိမ်မြောက် ရုံးထုတ်


 ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)အပြင် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် ဖမ်းဆီးခံထားရသည့် မချောစန္ဒီထွန်းကို မအူပင်မြို့နယ် တရားရုံးတွင် နိုဝင်ဘာ ၁၆ ရက်က လေးကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဝတ်ဆင်ထားသော ယူနီဖောင်း သည် ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ထားသည့် ထမီအရောင်နှင့် ဆင်တူသည်ဟု လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ်တွင် ရေးသားဖော်ပြခဲ့ခြင်းကြောင်း မချောစန္ဒီထွန်းကို တပ်မတော်ကိုယ်စား ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ပထမတန်း စစ်ရေးဦးစီး အရာရှိ ဒုတိယ ဗိုလ်မှူးကြီး ကျော်ထင်က တရားလိုပြုလုပ် တရားစွဲဆိုထားခြင်းဖြစ်ပြီး ဒုတိယမြောက်ရုံးချိန်တွင် အသရေဖျက်မှုကို ပါထပ်တိုးစွဲဆိုခဲ့ခြင်းဖြစ်သည်။

အီလတ်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄(ဃ)ဖြင့် ဖမ်းဆီးခံခဲ့ရသည့်မချောစန္ဒီထွန်း ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ပုဒ်မပြောင်းလဲစွဲဆိုခဲ့ပြီး အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် ပါထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မအူပင်နည်းပညာတက္ကသိုလ်မှ B.Tech(EC)ဖြင့် ဘွဲ့ရထားသူမချောစန္ဒီထွန်းသည် မအူပင်ခရိုင်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းကပေါ်ပေါက်ခဲ့သည့် ကျောင်းသားသပိတ်စစ်ကြောင်းတွင် လိုက်ပါ၍ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းတွင် ကျောင်းသားသမဂ္ဂမှနှုတ်ထွက်၍ မအူပင်မြို့နယ် NLDပါတီသို့ဝင်ရောက်ကာ ပါတီအောင်နိုင်ရေးလုပ်ငန်းများ ၀ိုင်းဝန်းကူညီဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။

သတင်း -ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
ဆက်သွယ်ရေးဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် မချောစန္ဒီထွန်းကို လေးကြိမ်မြောက် ရုံးထုတ်   ဆက်သွယ်ရေးဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် မချောစန္ဒီထွန်းကို လေးကြိမ်မြောက် ရုံးထုတ် Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.