မယ်စဲမြို့နယ်အတွင်း သက်ကြီးရွယ်အိုများ မဲသွားမထည့်နိုင်မည်ကိုစိုးရိမ်

မယ်စဲမြို့နယ်အတွင်း ကော်မရှင်ရုံးတွင် ကြိုတင်မဲ မဲထည့်နေကြစဉ်ဖြစ်သည်။ ဓါတ်ပုံ စိုင်းလင်းလင်းဦး


 ကယားပြည်နယ် မယ်စဲမြို့နယ် ဟိုဂျစ်အုပ်စု အတွင်းတွင် ကျေးရွာချင်းလမ်းမပေါက်သည့်အတွက် သက်ကြီးရွယ်အိုများ လမ်းဆုံကျေးရွာသို့ မဲသွားထည့်နိုင်ရန် အခက်အခဲ ဖြစ်နေကြသည်ဟု ဟိုဂျစ်အုပ်စု ဥက္ကဌ ဦးစောကောနာက ပြောပါသည်။

“ရွာကနေ မဲရုံရှိတဲ့နေရာထိရောက်ဖို့က အရင် နှစ်နာရီလောက်လမ်းလျှောက်ရမယ်။ ပြီးတော့ ဟိုဂျစ်ထိ ဆိုင်ကယ်နဲ့ ဆက်သွားရမယ်။ ပြီးတော့ လမ်းဆုံကို ကားနဲ့ထပ်သွားရအုံးမယ်ဆိုတော့ သက်ကြီးသူတွေ မဲသွားထည့်နိုင်ပါ့မလားပေါ့။” ဟု ဦးစောကောနာက ပြောသည်။

ဟိုဂျစ်အုပ်စုအတွင်းတွင် ကျေးရွာများဖြစ်ကြသော ဟိုဂျစ်ကျေးရွာ ၊ တောင်လှကျေးရွာ ၊ ဟိုဖကျေးရွာ ၊ လယ်တောကျေးရွာသည် မဲရုံထားရှိသည့် လမ်းဆုံကျေးရွာနှင့် ခန့်မှန်းခြေ မိုင် ၄၀ခန့် ရှိပြီး လမ်းမပေါက်သေးကြောင်း သိရသည်။
ကော်မရှင်မှ ကြိုတင်မဲကောက်ခံရာတွင်လည်း ဟိုဂျစ်ကျေးရွာထိသာ ကောက်ခံသည့်အတွက် တခြားရပ်ဝေးမှ မလာနိုင်ကြောင်း ဦးစောကောနာက ပြောပါသည်။

“ ကျေးရွာတွေက အရမ်းဝေးတော့ အခက်အခဲဖြစ်တယ်လေး။ လမ်းဆုံကျေးရွာမှာလာထည့်မည့်ရွာတွေက လမ်းက မပေါက်ဘူး။” ဟိုဂျစ်ရွာမှ ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

နိုင်ငံရေးပါတီများ မဲဆွယ်ကာလအတွင်းတွင် ၎င်းကျေးရွာသို့ ရောက်ရှိခဲ့စဉ်အချိန်၌ ဒေသခံများက မဲပေးနိုင်ရန် အချိန်မှီရောက်ရှိလာနိုင်ရေးအတွက် ကားများကြိုပို့လုပ်ပေးစေလိုကြောင်း တောင်းဆိုခဲ့ကြရာ နိုင်ငံရေးပါတီများ အစီအစဉ် မဖြစ်မြောက်ခဲ့ကြောင်း သိရသည်။

“အမှန်နိုင်ငံရေးပါတီတွေအားလုံးက စီစဉ်ပြီး လမ်းခရီးအစဉ်ပြေအောင် ကားငှားပြီးအကြိုအပို့လုပ်ဖို့ စီစဉ်ခဲ့ကြသေးတယ်။ ကြံ့ခိုင်ရေးပါတီက ကန့်ကွက်လိုက်တော့မဖြစ်လိုက်ဘူး။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသည်။

လမ်းခရီးအခက်အခဲရှိနေသည်ဟု ဆိုသော်လည်း ဥပဒေတွင် ထိုကဲ့သို့ ဆောင်ရွက်ပေးနိုင်ရန် လုပ်ထုံးလုပ်နည်းမရှိသည့်အတွက် ဥပဒေနှင့်ညှိစွန်းမှာစိုးရိမ်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်။

၎င်းက “ဒီဟာ ဥပဒေနဲ့မညီညွတ်တဲ့အတွက် ကန့်ကွက်ခြင်းဖြစ်ပါတယ်။ တခြားဘာမှမဟုတ်ပါဘူး။” ဟု ပြောသည်။

မဲထည့်မည့် နေ့တွင် ဟိုဂျစ်ကျေးရွာအုပ်စုဥက္ကဌမှ ဦးဆောင်ပြီး ကြိုပို့ပေးနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။
၎င်းမဲရုံသို့ မဲလာထည့်မည့် မဲဆန္ဒရှင်စာရင်းမှာ ၃၆၈ ဦး ရှိပြီး တစ်မြို့နယ်လုံးတွင် ၃၈၆၄ ဦး ရှိသည်။

မယ်စဲမြို့နယ်တစ်မြို့နယ်လုံ နိုဝင်ဘာလ ၆ ရက်နေ့ထိတွင် ကြိုတင်မဲ ၂၈၀ ဦးရှိထားပြီး နယ်ခြားစောင့်တပ် ၁၀၀၄ တပ်မှမဲဆန္ဒရှင် ၂၀၅ ဦးသည် ကြိုတင်မဲ ပေးထားပြီးဖြစ်သည်ဟု သိရသည်။ ၎င်း ကြိုတင်မဲထဲတွင် ဟိုဂျစ်ကျေးရွာအုပ်စုမှ သက်ကြီးရွယ်အိုများ မလာနိုင်သေးကြောင်းသိရသည်။

စိုင်းလင်းလင်းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/

မယ်စဲမြို့နယ်အတွင်း သက်ကြီးရွယ်အိုများ မဲသွားမထည့်နိုင်မည်ကိုစိုးရိမ်   မယ်စဲမြို့နယ်အတွင်း သက်ကြီးရွယ်အိုများ မဲသွားမထည့်နိုင်မည်ကိုစိုးရိမ် Reviewed by THITHTOOLWIN on 05:46 Rating: 5
Powered by Blogger.