ရှေးမူမပျက် အညာဒေသမှ ပေါင်းမိုးလှည်းဘုရားပွဲများ


 ဖွံ့ဖြိုးတိုးတက်ကာ ဆိုင်ကယ်၊ ထော်လာဂျီ၊ ကားများကို အသုံးပြုနေသည့်ခေတ်ရောက် သည့်တိုင်အောင် ရှေးမူမပျက်ဆင်နွှဲထားသည့် အညာဒေသပေါင်းမိုးလှည်းဘုရားပွဲများ ယနေ့တိုင် ကျင်းပနေလျက်ရှိ သည်။ ပေါင်းမိုးလှည်းဘုရားပွဲများမှာ စိတ်ဝင်စားစရာဖြစ်ပြီး လှည်းများစွာစုပေါင်းပြီး လှည်းဝိုင်းများဖြင့် ဝိုင်းဖွဲ့စားသောက် ကာ ပျော်ရွှင်စွာဆင်နွှဲကြသည်မှာ ပျော်ရွှင်စရာပင်ဖြစ်သည်။

အညာဒေသ ပေါင်းမိုးလှည်းဘုရားပွဲများမှာ ယနေ့ခေတ်ကာလတွင် စိတ်ဝင်စားဖွယ်ရာကောင်းသော မြန်မာ့ရိုးရာဓလေ့များပင်ဖြစ်သည်။ ရာသီအလိုက် အညာဒေသအသီးသီးတွင် ပေါင်းမိုးလှည်းများစွာဖြင့် လာရောက်ဆင်နွှဲသော ဘုရားပွဲများစွာရှိသည်။

ထိုဘုရားပွဲများမှာ မြင်းမူမြို့နယ်၊ မူး၊ မန္တလေးရှိ ရွှေဆပ်သွားဘုရားပွဲမှာ ဝါခေါင်လပြည့်ကျော် ၁ ရက်မှ ၃ ရက်ထိ ကျင်းပသည်။

ဘုရားပွဲ တွင် အနီးအနားရွာများမှ လာရောက်ဆင်နွဲလေ့ရှိသည်။အခြားပေါင်းမိုးလှည်းများဖြင့် လာရောက်ဆင်နွဲသောဘုရားပွဲများမှာ သာစည်ရွှေရင်မျှော်ဘုရားပွဲ၊ ကူမဲရွှေစေတီဘုရားပွဲ၊ မြစ်သားမြို့နယ် ရွှေမင်းဝံတောင်ဘုရားပွဲ၊ စစ်ကိုင်းကောင်းမှုတော်ဘုရားပွဲများပင်ဖြစ်သည်။ ထိုဘုရားပွဲများတွင် မြစ်သားမြို့နယ် ရွှေမင်းဝံတောင်ဘုရားပွဲနှင့် စစ်ကိုင်း ကောင်းမှုတော်ဘုရားပွဲတို့မှာ မရှေးမနှောင်းကျင်းပကြသည်။

ရွှေမင်းဝံတောင်ဘုရားပွဲတွင် ယခင်က ရွာပေါင်း ၂၄ ရွာမှပေါင်းမိုးလှည်းပေါင်း ၁ဝဝဝ ခန့်လာရောက်ပြီး ယခုအခါ ပေါင်းမိုးလှည်း ၅ဝဝ ခန့်သာ လာရောက်ဆင်နွှဲကြသည်။ ဘုရားပွဲမလာဖြစ်သည့်လှည်းများမှာ ဘုရားဘက်လှည့်ကာ ကန်တော့ပွဲထိုးထားသည်ဓလေ့ ယနေ့တိုင်ပြုလုပ်လျက်ရှိသည်။

စစ်ကိုင်းကောင်းမှုတော်ပေါင်းမိုးလှည်းများဖြင့် လာရောက်ဆင်နွှဲသည့်ပွဲမှာ တတိယအကြိမ်မြောက်ကျင်းပသည့် ဘုရားပွဲပင်ဖြစ်သည်။ ကောင်းမှုတော်ဘုရားပွဲ သုံးကြိမ်ကျင်းပသည့်အထဲတွင် ပေါင်းမိုးလှည်းနှင့် လာရောက်ဆင်နွှဲသည့်
ပွဲမှာ နောက်ဆုံးအကြိမ်ဘုရားပွဲဖြစ်ပြီး ဘုရားပရိဝုဏ်အတွင်း လှည်းဝိုင်းများဖြင့် စည်ကားသောပွဲပင်ဖြစ်သည်။

ကောင်းမှုတော်ဘုရားပွဲသို့ အဝေးရွာမှလှည်းများ လပြည့်နေ့မတိုင်ခင် လာရောက်ကြသည်။လပြည့်နေ့တွင် ပတ်ဝန်းကျင်သစ်ပင်ရိပ်များ၌ တစ်နှစ်လျှင် ကောင်းမှုတော်ဘုရားပွဲတွင်သာ ပြုလုပ်ရောင်းချသည့် မုန့်ဆီကြော်များ ဝယ်စားခြင်း၊ ဘုရားပွဲကြည့်ခြင်း၊ပွဲဈေးတန်းလမ်းလျှောက်ခြင်းဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိသည်။

ရှေးမူမပျက်ဆင်နွဲထားသည့် အခြားအညာပေါင်းမိုးလှည်းဘုရားပွဲများစွာလည်း ရှိနေသည်။ လက်ရှိကာလတွင် တန်ဆောင်မုန်း လပြည့် ကောင်းမှုတော်ပေါင်းမိုး လှည်းဘုရားပွဲ နီးလာပြီဖြစ် သည်။ မြန်မာ့ရိုးရာအစဉ်အလာအတိုင်း ပေါင်းမိုးလှည်းများဖြင့်လာသည့် ဘုရားပွဲ၏ပျော်မွေ့ဖွယ်ရသကို ခံစားနိုင်ရန် စစ်ကိုင်းကောင်းမှုတော်ဘုရားသို့ တန်ဆောင်မုန်းလပြည့်နေ့အမီ သွားရောက်လေ့လာဆင်နွှဲနိုင်ကြောင်း သိရသည်။

တိမ်တမန်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရှေးမူမပျက် အညာဒေသမှ ပေါင်းမိုးလှည်းဘုရားပွဲများ   ရှေးမူမပျက် အညာဒေသမှ ပေါင်းမိုးလှည်းဘုရားပွဲများ Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.