ဆန္ဒပြသူများကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကေတီပယ်ရီ ၏ တေးသီချင်းများ ဖွင့်၍လူစုခွဲ


 မနီလာ ၊ ၂၀-၁၁-၂၀၁၅

 ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌် နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်သော APEC အစည်းအဝေး အား ဆန္ဒပြသူများကို လူစုခွဲရန် အတွက် ဖိလစ်ပိုင် ရဲတပ်ဖွဲ့ဝင် များသည် ကမ္ဘာကျော် အဆိုတော် ကေတီပယ်ရီ ၏ ပေါ့ပ်တေးသီချင်း များကိုဖွင့်ခဲ့ပြီး ယင်းသို့ တေးသီချင်းများ ဖွင့်မှုကြောင့် ဆန္ဒပြသူ အချို့မှာ ဒေါသထွက် ခဲ့သော်လည်း အများစုမှာ ပြုံးရွှင်ရယ်မော ခဲ့ရကြောင်း သိရသည်။

လက်ဝဲစွန်းရောက် ဆန္ဒပြသူ များသည် အမေရိကန် သမ္မတ ဘားရက် အိုဘားမား နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့အပါအဝင် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်သော အဖွဲ့ဝင် ၂၁ နိုင်ငံပါ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ အစည်းအဝေး ပြုလုပ်ရာ အဆောက်အအုံ ၏ ပြင်ပတွင် ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဆန္ဒပြ လူအုပ်ကြီးသည် ရဲတပ်ဖွဲ့မှ သတ်မှတ်ထားသည့် မျဉ်းအား ကျူးကျော် ဝင်ရောက်ခဲ့ ချိန်တွင် ရဲတပ်ဖွဲ့က ရေအမြောက်များ အသုံးပြု၍ ဆန္ဒပြသူ များအား လူစုခွဲခဲ့ သော်လည်း နောက်ဆုံးတွင် ရဲတပ်ဖွဲ့က ၄င်းတို့၏ လျှို့ဝှက် လက်နက်အဖြစ် ကေတီပယ်ရီ ၏ တေးသီချင်း များကို အသံချဲ့စက် ကြီးများဖြင့် ဖွင့်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တေးသီချင်းများ ဖွင့်ခြင်းဖြင့် ဆန္ဒပြ လူအုပ်ကြီး၏ ထိပ်ဆုံးတွင် ရှိနေသူများ အာရုံထွေပြား သွားပြီး ၄င်းတို့၏ ကြွေးကြော်သံ များကို ဖုံးလွှမ်းသွား စေကာ တင်းမာမှုများ ပြေလျော့သွား စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မနီလာမြို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ကင်မ်ဘာလီ ဂွန်ဇာလက်စ် က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြား ထားသည်။

ယခုကဲ့သို့ လုပ်ဆောင်မှုသည် သမားရိုးကျ လုပ်ဆောင်မှု မဟုတ်သော်လည်း ဖိလစ်ပိုင် နိုင်ငံသား အားလုံးနီးပါးသည် တေးသီချင်းကို ကြိုက်နှစ်သက် သူများ ဖြစ်သည့်အတွက် ထိုသို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ ရဲတပ် ဖွဲ့ဝင်များ အနေဖြင့် ဆန္ဒပြသူ များ၏ သဘောထား တင်းမာမှုကို နားလည် သဘောပေါက် ကြောင်းနှင့် ၄င်းတို့၏ ဆန္ဒပြမှုကို ဖြိုခွဲရန် မဟုတ်ဘဲ တင်းကျပ် နေမှုများ ပြေလျော့သွား စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည် ဟု ဂွန်ဇာလက်စ် က ဆက်လက် ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com
ဆန္ဒပြသူများကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကေတီပယ်ရီ ၏ တေးသီချင်းများ ဖွင့်၍လူစုခွဲ  ဆန္ဒပြသူများကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကေတီပယ်ရီ ၏ တေးသီချင်းများ ဖွင့်၍လူစုခွဲ Reviewed by THITHTOOLWIN on 11:56 Rating: 5
Powered by Blogger.