လူအုပ်နဲ့ မဲလာပေးဖို့ ကြိုးစားသူ ၁ဝဝ ခန့် မန္တလေးမဲရုံ တစ်ခုမှာ တွေ့ရှိ

မန္တလေးခရိုင်အတွင်းမှာရှိတဲ့ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၁ ရပ်ကွက်က မဲရုံအမှတ် ၅ မှာ အမှန်တကယ်မနေထိုင်တဲ့ လူအယောက် ၁ဝဝ ခန့် မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေနဲ့ မဲလာပေးစဉ်။ Photo: Hste Paing Toe:RFA
 မန္တလေးခရိုင်အတွင်းမှာရှိတဲ့ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၁ ရပ်ကွက်က မဲရုံအမှတ် ၅ မှာ အမှန်တကယ်မနေထိုင်တဲ့ လူဦးရေ ၁ဝဝ ခန့်ဟာ မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေယူဆောင်ပြီး မဲလာပေးတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

လူအုပ်စုလိုက်က ဥပဒေချိုးဖောက်ဖို့ လုပ်တာဖြစ်ပြီး အမှန်တကယ်နေထိုင်ခြင်း မရှိတဲ့လူတွေကို သက်သေခံလက်မှတ် ထုတ်ပေးတဲ့ကော်မရှင်မှာလည်း အပြစ်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဟာအောင်မြေမြို့နယ် ဥက္ကဌ ဦးသိန်းဦး က ပြောပါတယ်။

"ကျနော်တို့ စစ်ပါတယ်၊ စစ်တဲ့အခါမှာ ၃ ခါနည်းအရဆိုလို့ရှိရင် ရက်ပေါင်း ၁၈ဝ နေထိုင်ပြီးတဲ့လူ ဖြစ်ရ ပါလိမ့်မယ်၊ သူကဒီရပ်ကွက်မှာ တစ်ခါမှမနေထိုင်ဖူးပါဘူး၊ အဲ့ဒါကိုက ထုတ်ပေးတဲ့လူ၊ လက်ခံတဲ့လူက အင်မတန်မှပဲ ဥပဒေချိုးဖောက်တာ၊ ဒုတိယအချက် ကျနော်မေးပါတယ်၊ ခင်ဗျားတို့ ၃ ခါလျှောက်လွှာမှာ လက်မှတ်ထိုးမလား၊ တစ်ခါမှ လက်မှတ်မထိုးဖူးပါဘူး၊ သူတို့ကိုယ်စား တစ်ယောက်က လက်မှတ်ထိုးပြီးတော့ လာလျှောက်တာပါ၊ သူတို့အဖွဲ့ကလျှောက်တာ မဟုတ်ပါဘူး"

တိုးဂိတ်မန်နေဂျာက မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေထုတ်ပေးပြီး မန္တလေးမြို့မှာ မဲသွားထည့်ခိုင်းလို့ အခုလိုမဲလာပေးတာဖြစ်တယ်လို့ ဝန်ထမ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းမင်းစိုးက ပြောပါတယ်။

"၃၊ ၄ ရက်လောက်အလိုမှာ မင်းတို့ဒီမှာပေးလို့ရတယ်ဆိုပြီး စာရွက်လေးတွေကို ကျနော်တို့ကိုဝေပေးတယ်၊ အဲ့ဒါနဲ့ ကျနော်တို့က ဒီစာရွက်လေးတွေ ပေးလို့ရတယ်ဆိုပြီး ကျနော်တို့က လာပေးတာပါ"

အဲ့ဒီကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရုံကိုယ်စားလှယ်တွေက ကော်မရှင်ထံ တိုင်ကြားရာမှာ ကော်မရှင်က စစ်ဆေးမေးမြန်းရာ မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေနဲ့ မဲလာပေးသူအယောက် ၁ဝဝ ခန့်ဟာ မြစ်ငယ်မြို့က တိုးဂိတ်ဝန်ထမ်းတွေဖြစ်ကြပြီး မြစ်ငယ်မြို့မှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအယောက် ၁ဝဝ ထဲမှာ ၃ဝ ကျော်က မဲပေးပြီးဖြစ်တဲ့အတွက် အဲ့ဒီမဲတွေကို ပယ်မဲအဖြစ် သတ်မှတ်လိုက် ပါတယ်။

အဲ့ဒီဝန်ထမ်းတွေဟာ ကား ၈ စီးနဲ့ ရောက်ရှိလာတာဖြစ်ပြီး အများစုက အမျိုးသမီးတွေဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မဲရုံရှေ့မှာ ရှိနေတဲ့ NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဦးကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

လူအုပ်နဲ့ မဲလာပေးဖို့ ကြိုးစားသူ ၁ဝဝ ခန့် မန္တလေးမဲရုံ တစ်ခုမှာ တွေ့ရှိ လူအုပ်နဲ့ မဲလာပေးဖို့ ကြိုးစားသူ ၁ဝဝ ခန့် မန္တလေးမဲရုံ တစ်ခုမှာ တွေ့ရှိ Reviewed by THITHTOOLWIN on 23:39 Rating: 5
Powered by Blogger.