ရွေးကောက်ပွဲရလဒ်က စစ်တပ်အုပ်ချုပ်ခြင်းကို ပြည်သူက လုံးဝ မကြိုက်ကြောင်း ပြသခြင်းဖြစ်ဟု ဆို


 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် လွှတ်တော်တွင် အများစု ပါတီအဖြစ် ရပ်တည်ရန် လုံလောက်သည့် အမတ်အရေအတွက်ကို အနိုင်ရခဲ့သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ကြေညာလိုက်ပြီဖြစ်သည်။ ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ပမာဏကို စောင့်ကြည့်လေ့လာသူများနှင့် အာဏာရ ကြံ့ခိုင်ရေးပါတီတို့အပြင် NLD ကိုယ်တိုင်က အံ့အားသင့်ခဲ့ရသည်။

NLD ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်နှင့် ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ဦးဥာဏ်ဝင်းက “ကျွန်တော်တို့ ၆၀% လောက် အနိုင်ရမယ်လို့ ထင်ထားပေမယ့် တကယ်တော့ ၈၀% လောက် အနိုင်ရခဲ့ပါတယ်” ဟု စထရိတ်တိုင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးနှင့် နေခဲ့ရခြင်းက ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်စေခဲ့သည့် အချက်ဖြစ်သည်ဟု ယင်းကဆိုသည်။ “မြန်မာပြည်သူတွေက စစ်တပ်အုပ်ချုပ်တာ မလိုချင်ပါဘူး။ ဒါမျိုး မနှစ်သက်ပါဘူး။ ဒီလို အုပ်ချုပ်ခံရတာ နှစ် ၆၀ ရှိနေပါပြီ” ဟု ဦးဥဏ်ဝင်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဦးစားပေးကိစ္စရပ်မှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတ ဦးသိန်းစိန် ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ဆိုသည်။ ထိုဆွေးနွေးပွဲမှာ လာမည့်ရက် သတ္တပတ်အတွင်း ဖြစ်လာဖွယ်ရှိသည်။

ဦးဥာဏ်ဝင်းက “ဒီတွေ့ဆုံပွဲက အလွန့်အလွန် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီမှာ အခြားပါတီတစ်ခုကို ၊ အထူးသဖြင့် အတိုက်အခံပါတီကို အာဏာလွှဲပေးတဲ့ အတွေ့အကြုံ မရှိပါဘူး။ ဒါကြောင့် အပြောင်းအလဲတွေ ချောမွေ့ဖို့ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းနိုင်လိုတာပါ” ဟု ပြောကြားသည်။ လက်ရှိအချိန်တွင် မရေရာသူမှုများနှင့် စိုးရိမ်မှုများ ရှိနေသေးသည်ဟု ဦးဥာဏ်ဝင်းက ၀န်ခံခဲ့သည်။

“ဘာဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ တပ်ချုပ်က ရွေးကောက်ပွဲရလဒ်ကို လေးစား လိုက်နာမယ်လို့ ၂ ခါ ၊ ၃ ခါ ပြောထားပါတယ်” ဟု ဦးဥာဏ်ဝင်းက ပါတီရုံးချုပ်၌ ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားသည်။

ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အနိုင်ရဖွယ်ရှိသည်မှာ ထင်ရှားလာချိန် ယခုရက်သတ္တပတ် အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေးအတွက် တွေ့ဆုံ ဆွေးနွေးရန် မေတ္တာရပ်ခံသည့် စာများကို သမ္မတ ၊ ကာကွယ်ရေးဦးစီးချုပ် နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ထံ ပေးပို့ခဲ့သည်။

ဦးဥာဏ်ဝင်းက “စစ်တပ်၊ ဒါမှမဟုတ် လက်ရှိအစိုးရဟာ ကျွန်တော်တို့နဲ့ ဆက်သွ
ယ်ဖို့ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရွေးကောက်ပွဲ အနိုင်ရတဲ့အတွက် ကျွန်တော်တို့ဘက်က စတင်ဆွေးနွေး ရမယ်လို့ ပါတီဥက္ကဋ္ဌက ပြောပါတယ်။ ဒါကြောင့် သူက ဒီစာ ၃ စောင်ကို ရေးခဲ့တာပါ” ဟု ပြောကြားသည်။ ပါတီ၏ ဦးစားပေး လုပ်ငန်းစဉ်များတွင် ဖက်ဒရယ်ပြည်ထောင်စုကို ထင်ဟပ်မည့် အခြေခံဥပဒေ ပြောင်းလဲရေး ပါဝင်သည်ဟု ဆိုသည်။

ထို့အပြင် NLD သည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို ဦးတည်သွားမည်ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။ ရွေးကောက်ပွဲ အနိုင်ရ အမတ်များက လွှတ်တော်တွင် သမ္မတကို ရွေးချယ်တင်မြှောက်ပြီး ထိုသမ္မတက ၀န်ကြီးများကို ခန့်အပ်ပြီးသည့်အခါ ၂၀၁၆ မတ်လကုန်တွင် အစိုးရအဖွဲ့သစ် စတင်တာဝန်ထမ်းဆောင်မည် ဖြစ်သည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies
ရွေးကောက်ပွဲရလဒ်က စစ်တပ်အုပ်ချုပ်ခြင်းကို ပြည်သူက လုံးဝ မကြိုက်ကြောင်း ပြသခြင်းဖြစ်ဟု ဆို  ရွေးကောက်ပွဲရလဒ်က စစ်တပ်အုပ်ချုပ်ခြင်းကို ပြည်သူက လုံးဝ မကြိုက်ကြောင်း ပြသခြင်းဖြစ်ဟု ဆို Reviewed by THITHTOOLWIN on 12:21 Rating: 5
Powered by Blogger.