တပ်လုံခြုံရေးယူထားသည့်မဲရုံတွင် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်


 နိုဝင်ဘာလ ၊ ၆ ရက် ၂၀၁၅

 ရွေးကောက်ပွဲနေ့ စစ်တပ်လုံခြုံရေးယူမည့်မဲရုံများတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဘက်မှ ရဲဘော်များလည်း ရှိနေသည့်အတွက် ထိပ်တိုက်တွေ့ဆုံမိပါက တိုက်ပွဲဖြစ်မည်ကို စိုရိမ်စိတ်ရှိနေကြသည်ဟု သိရသည်။

လွိုင်ကော်မြို့နယ် တီးလုံကျေးရွာအုပ်စုရှိ မဲရုံ (၁)၊ (၂) ၊ (၃) တွင် တပ်မှ လုံခြုံရေးတာဝန်ယူဖို့ ရှိသည့်အတွက် မဲပေးမည့် မဲဆန္ဒရှင်များ စိုရိမ်းစိတ်တွေ ရှိနေကြသည်ဟု တီးလုံကျေးရွာ အုပ်စု ဒေါစဲကျေးရွာမှ ခူးဘိုးရယ်က ပြောသည်။

“စိုးရိမ်စိတ်တော့ရှိတာပေါ့။ လွတ်လွတ်လတ်လတ် မဲပေးပါလို့ပြောနေကြတယ်။ ဒါမဲ့ ရွာကလူတွေက စိုးရိမ်နေကြတယ်။ ရွာ ရဲ့ အနီးအနားမှာလည်း KNPP ရဲဘော်တွေရှိတယ်လေ။ ငြိမ်းချမ်းရေး ယူထားတယ်ဆိုပေမယ့် မပြောတတ်ဘူးလေ။ မတော်လို့ ဟိုဖက်က ရဲဘော်နဲ့ လုံခြုံရေး ယူမည့် တပ်က ထိပ်တိုက်တွေ့ရင် မလွယ်ဘူး။မပြောတတ်ဘူး။” ဟု ခူးဘိုးရယ်က ပြောပါသည်။

ယခင် ငြိမ်းချမ်းရေး မယူခင်ကာလတွင် တီးလုံကျေးရွာအုပ်စုသည် အမည်းရောင်နယ်မြေဟု သတ်မှတ်ခံထားကြပြီး မကြာခဏဆိုသလို တိုက်ပွဲဖြစ်ခဲ့သောနေရာဖြစ်သည့်အတွက် ကြောက်စိတ်များ ရှိနေကြခြင်းဖြစ်သည်ဟု တီးလုံးကျေးရွာအုပ်စု ၀မ်ငေါ့ကျေးရွာမှာ ခူးပလျားရယ် က ဆိုသည်။


“ ကြောက်စိတ်တွေတော့ရှိနေသေးတာတော့ ရှိတယ်။ အရင်က တပ်တွေက တွေ့ ရင် ဘယ်ကိုပြေးရမယ်ဆိုတာပဲ အမြဲတွေးနေခဲ့ကြတယ်လေ။ အခုက တိုက်ပွဲမဖြစ်တာတော့ ကြာပြီ။ ဒါပေမယ့် အရင်က ရှိခဲ့တဲ့ ကြောက်စိတ်တွေက ရွာသားတွေက မပျောက်နိုင်ဘူးဖြစ်နေတယ်။’’ ဟု ခူးပလျားရယ်က ပြောသည်။

KNPP ဘက်မှတာဝန်ရှိသူများက ရွေးကောက်ပွဲတွင် မိမိတို့ဘက်မှ နှောင့်ယှက်မည်မဟုတ်ကြောင်း သို့သော် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု ပြောဆိုထားပါသည်။

လွိုင်ကော်မြို့နယ်အတွင်းတွင် မဲရုံ ၅ ရုံဖြစ်သော တီးလုံကျေးရွာအုပ်စုမှ ၀မ်ငေါ့ကျေးရွာ မူလွန်ကျောင်း ၊ ဒေါစဲကျေးရွာ အ.မ.က ကျောင်း ၊ မဲဖျာကျေးရွာ အ.မ.က ကျောင်း ၊ ပါလောင်းအုပ်စုတွင် ဒေါတရိုးအ.မ.က ကျောင်း ၊ ဆူးဖဲလော အ.မ.က ကျောင်းတို့တွင် စစ်တပ်မှ လုံခြုံရေးယူထားသည်။


၎င်းမဲရုံများတွင် ခမရ(၅၃၀) ၊ ခလရ(၂၅၀) ၊ ခလရ (၂၆၁) ၊ ခလရ (၅၄) ၊ ရတခလရ (၉၄) တပ်တို့မှ တာဝန်ယူမည်ဟု သိရသည်။

မဲရုံလုံခြုံရေးအတွက် မဲရုံ(၁)ရုံတွင် အရံမီးသတ်(၄)ဦး၊ အထူးရဲ(၁)ဦး နှင့် တပ်သား (၁၀)ဦး စီ တာဝန်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

တီးလုံးကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ထောင်စုနှင့်ကြံ့ခိုင်ရေးပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ၊ ကယားလူမျိုးစုဒီကရေစီပါတီ၊ ကျာခေါင်းပါတီ နှင့် ဒူးလေးပါတီ စသည့်ပါတီများက မဲဆွယ်စည်းရုံးထားကြောင်းသိရသည်။

ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/

တပ်လုံခြုံရေးယူထားသည့်မဲရုံတွင် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်   တပ်လုံခြုံရေးယူထားသည့်မဲရုံတွင် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ် Reviewed by THITHTOOLWIN on 05:51 Rating: 5
Powered by Blogger.