ကျောက်တော်မြို့နယ်တွင် ကျေးရွာစာရေးမ တစ်ဦးအသတ်ခံရ


ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နာဂရာကျေးရွာတွင် အသက် (၅၅) နှစ်အရွယ် ကျေးရွာ စာရေးမ တစ်ဦး တန်ဆောင်မုန်း လပြည့်နေ့ ညနေပိုင်းက အသတ်ခံရသည်ဟု သတင်း ရရှိသည်။

အသတ်ခံရသူမှာ ဒေါ်မသိန်းကျော့ (လက်ရှိ ကျောက်တော်မြို့နယ် လမ်းမတော် အုပ်စု) တွင် ကျေးရွာ စာရေးမ အဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်ပြီး အိမ်မှနေ ရွာဈေးဆိုင်သို့ အသွား လမ်းတွင် နိုဝင်ဘာ ၂၆ ရက် (တန်ဆောင်မုန်း လပြည့်နေ့) ညနေ ၇ နာရီခန့်တွင် တုတ်ဖြင့် ရိုက်သတ်ခံခဲ့ရသည်ဟုရွာသားများက ပြောသည်။

“ သတ်တဲ့သူ ဘယ်သူလဲဆိုတာကိုတော့ မှောင်နေတော့ လူတွေက မမြင်လိုက်ရဘူး။ ဖြစ်တာက ညနေ ၇ နာရီခန့်မှာ ဘုန်းကြီးကျောင်းနဲ့ ရွာအကြား ဈေးဆိုင်ကို သွားတာမှာ အသတ်ခံရတာပါ” ဟု ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးအေးမောင်က ပြောသည်။

ကျောက်တော်ရဲစခန်းသို့ နိရဉ္စရာမှ ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိမှ လူသတ်မှု ဖြစ်ပွာခြင်းမှာ ဟုတ်မှန်ကြောင်း၊ သေဆုံးသွားသူ စာရေးမအလောင်းကို ကျောက်တော်ဆေးရုံသို့ ယူဆောင်လာပြီး ဆေးရုံအနီးရှိ ဓမ္မာရုံတွင် ထားကြောင်း၊ လူသတ် တရားခံကို ဖမ်းဆီးမိထားကြောင်း ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်လက် မေးမြန်းရာ အမှုစစ် အရာရှိ ပြန်မရောက်သေးသဖြင့် အသေးစိတ် မပြောဆိုနိုင်သေးကြောင်း ရဲအရာရှိက ပြောကြားသည်။

ဖမ်းဆီးခံရသူမှာ နာဂရာကျေးရွာက ဦးအုန်းမောင် အသက် (၄၀) ခန့်ဖြစ်ပြီး သံသယဖြင့် ရဲက ဖမ်းဆီးသွားကြောင်း ကျေးရွာသားများက ပြောဆိုသည်။

အသတ်ခံရသူ ဒေါ်မသိန်းကျော့တွင် အသက် ၃၀ ကျော် အရွယ် သမီး တစ်ဦးနှင့် အသက် ၂၅ နှစ်အရွယ် သား တစ်ဦးရှိကြောင်း သိရပြီး သမီးဖြစ်သူမှာ အခြားကျေးရွာတစ်ခုတွင် တာဝန်ထမ်းဆောင်နေပြီး သားဖြစ်သူ ရန်နိုင်မှာ ဖားကန့်တွင် အလုပ် လုပ်နေသည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews/
ကျောက်တော်မြို့နယ်တွင် ကျေးရွာစာရေးမ တစ်ဦးအသတ်ခံရ   ကျောက်တော်မြို့နယ်တွင် ကျေးရွာစာရေးမ တစ်ဦးအသတ်ခံရ Reviewed by THITHTOOLWIN on 14:16 Rating: 5
Powered by Blogger.