ရွေးကောက်ပွဲ နိုင်ခြင်းရှုံးခြင်းသည် မဲအရေအတွက်နှင့် မဆိုင် မိမိ၏သိက္ခာ ၊ ပြည်သူအပေါ် ထားရှိသည့် စေတနာတို့နှင့်သာ ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် ယနေ့မနက် ၁၀ နာရီ ၄၅ မိနစ်က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီြးေ ပာကြားသောမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး မိန့်ခွန်းအပြည့်အစုံကိုဖော်ပြပေးလိုက်ပါသည်။

" အထွေထွေ ရွေးကောက်ပွဲဖြစ်မြောက်ခြင်းဟာ ပြည်သူလူထုရဲ့ နိုင်ငံရေးနိုးကြားမှု ၊ သတ္တိ ၊စည်းကမ်းထိန်းသိမ်းမှုတွေကြောင့် ဖြစ်မြောက်သွားတာမို့လို့ အထူးပဲ ဂုဏ်ပြုပါတယ် ။ ကမ္ဘာကလည်း ဂုဏ်ပြုပါတယ် ။

တကယ်တော့ ရွေးကောက်ပွဲက နိုင်ခြင်း ရှုံးခြင်းဆိုတာက မဲအရေအတွက်နဲ့ မဆိုင်ပါဘူး ။ ကိုယ် ၀င်ပါတဲ့အခါမှာ ဘယ်လောက် သိက္ခာရှိတယ် ။ ဘယ်လောက် ပြည်သူပေါ်မှာ စေတနာထားလဲဆိုတာနဲ့သာ ဆိုင်ပါတယ် ။

ဒါကြောင့်မို့လို့ ပထမဆုံး ဂုဏ်ပြုရမှာကတော့ ရွေးကောက်ပွဲမှာ သိက္ခာစေတနာ အပြည့်အ၀နဲ့ ၀င်ပြီးတော့ ယှဉ်ပြိုင်ခဲ့ပေမယ့် မဲအရ မနိုင်တဲ့ ပုဂ္ဂိုလ်များက ပထမဆုံး ဂုဏ်ပြုသင့်တယ်လို့ ကျွန်မကတော့ထင်တယ် ။

ပထမဆုံးဆိုပေမယ့် ဒါ ဒုတိယပေါ့ ။ ပထမဦးဆုံးကတော့ ပြည်သူလူထုကို ဂုဏ်ပြုရင်ပြီးပါပြီ ။ ဒုတိယကတော့ သိက္ခာ သမာဓိ စေတနာတို့နဲ့ သတ္တိရှိရှိ မှန်မှန်ကန် ၀င်ပြိုင်ပြီးတော့ မဲအရတော့ မနိုင်ခဲ့ပေမယ့် တကယ့် သိက္ခာအရ အောင်နိုင်ခဲ့တဲ့သူတွေကို ဂုဏ်ပြုတာပါ ။

ကျွန်မတို့ အခုချိန်မှာဆိုရင် မဲရလဒ်တွေကို တရားဝင် အတည်မပြုရသေးပါဘူး ။ဒါပေမဲ့ အများပြည်သူက ဘယ်လိုအခြေအနေမှာ ရှိတယ်ဆိုတာကို သဘောပေါက်ကြပါလိမ့်မယ်လို့ ကျွန်မထင်တယ် ။

ကျွန်မအနေနဲ့ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သတ်လို့ ဂုဏ်ပြုမယ့် အချိန်တော့ မရောက်သေးဘူးလို့ ပြောချင်ပါတယ် ။
ပြည်သူလူထုက ယုံကြည်စွာပေးအပ်တဲ့တာဝန်တွေ ကျေသလား မကျေသလားဆိုတဲ့ အဖြေပေါ်မှပဲ ကျွန်မတို့ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေကို ကျွန်မက ဂုဏ်ပြုမှာပါ ။အခုချိန်ကတော့ ဂုဏ်ပြုဖို့ စောပါသေးတယ်လို့ ပြောချင်ပါတယ် ။

ဒါပေမဲ့ ရွေးကောက်ပွဲကို ဦးဆောင်ခဲ့တဲ့ ဘဘ ဦးတင်ဦးကို ကျွန်မတို့ပြည်သူလူထုအားလုံးကနေပြီးတော့ သြဘာပေးပြီးဂုဏ်ပြုကြပါလို့ ။

( အမှန်တကယ်ကတော့ ကျွန်တော်တို့ရဲ့ကြိုးစားလုံးပန်းမှုနဲ့ ကျွန်တော်တို့ရဲ့ အင်မတန်သိက္ခာရှိစွာတက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးအများကြီးတင်ရမယ်လို့ ပြောရမှာပဲဖြစ်ပါတယ် ။ )

ကျွန်မတို့ ဒီ ၁ ၊ ၂ ၊ ၃ ရက်အတွင်းမှာ ရွေးကောက်ပွဲရဲ့ ရလဒ်တွေဟာ ဘယ်လိုရှိမလဲဆိုတာ သေချာအတိအကျ ပြည်သူလူထုက သိရမှာပါ ။ တစ်ချိန်တည်းမှာ ကျွန်မတို့အားလုံးက သတိရှိဖို့လိုပါတယ်ဆိုတာ ကျွန်မတို့ ပြည်သူတွေ သိပြီးသားလို့ ကျွန်မထင်ပါတယ် ။

သတိဆိုတာ လွန်ကဲတယ်လို့မရှိနိုင်ဘူး ။ ကျွန်မတို့က သတိနဲ့ ရှေ့လမ်းကို လျှောက်ရမှာပါ ။ ကျွန်မတို့ နိုင်ငံအပေါ်မှာ စေတနာထားပြီးတော့ ပြည်သူလူထုအားလုံးပေါ်မှာ ကျောသားရင်သားမခွဲ မေတ္တာထားပြီးတော့ ရှေ့လမ်းလျှောက်သွားချင်ပါတယ် ။

ဒီအချိန်မှာ ရွေးကောက်ပွဲရလဒ်များဟာ တရားဝင်မဖြစ်သေးတော့ ဒါထက်ပိုပြီးတော့ ပြောဖို့ မသင့်တော်သေးပါဘူး ။ဒါပေမဲ့ မပြောလို့ရှိရင်လည်း နားလည်ပြီးသားပြည်သူလူထု ဖြစ်တယ်လို့ကျွန်မပြောချင်ပါတယ် ။

အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်နေကြပါ ။ ကျွန်မတို့ အမြဲပဲပြောပါတယ် လူဆိုရှုံးတယ် နိုင်တယ်ဆိုတာထက် ဘယ်လို ရှုံးတယ် ၊ ဘယ်လိုနိုင်တယ်ဆိုတာက ပိုပြီးတော့ အရေးကြီးပါတယ် ။

ရှုံးတဲ့သူများဟာ သတ္တိရှိရှိ အိနြေ္ဒရှိရှိနဲ့ ရှုံးနိုင်ရသလို နိုင်တဲ့သူများဟာ ကိုယ့် စိတ်ကိုနှိမ့်ချပြီးတော့ အင်မတန်မှသဘောထားကြီးစွာနဲ့ အနိုင်ကို ရင်ဆိုင်မှ တကယ့်ကို အောင်နိုင်တဲ့သူဖြစ်မှာပါ ။

ဒါကြောင့် အထက်က မနိုင်တဲ့သူတွေ မခံသာအောင်နိုင်မှု ပုံစံနဲ့ ပြုမူ ပြောဆိုဆက်ဆံတာတွေကို ရှောင်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံလိုပါတယ် ။
တကယ့်အောင်နိုင်ရေးဆိုတာ တစ်နိုင်ငံလုံးအတွက်ပဲဖြစ်ရပါလိမ့်မယ် ၊ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်တွေ အတွက်မှ မဖြစ်ရပါဘူး ။
ဒါကြောင့် တစ်နိုင်ငံလုံးအတွက်ဖြစ်တဲ့ အောင်နိုင်မှုရဖို့အတွက် ကျွန်မတို့အားလုံးအတူတူ လက်တွဲပြီးတော့ ကြိုးစားသွားကြပါလို့ ကျွန်မအနေနဲ့မေတ္တာရပ်ခံပါတယ် ။

ရွေးကောက်ပွဲရလဒ် ပိုပြီးတော့ တိတိကျကျ သိရတဲ့ အခါကျမှ ကျွန်မတို့ပြောသင့်ပြောထိုက်တာတွေကိုလည်း ထပ်ပြောမှာ ဖြစ်ပါတယ်"

The Ladies News Journal
https://www.facebook.com/News.TheLadies
ရွေးကောက်ပွဲ နိုင်ခြင်းရှုံးခြင်းသည် မဲအရေအတွက်နှင့် မဆိုင် မိမိ၏သိက္ခာ ၊ ပြည်သူအပေါ် ထားရှိသည့် စေတနာတို့နှင့်သာ ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား  ရွေးကောက်ပွဲ နိုင်ခြင်းရှုံးခြင်းသည် မဲအရေအတွက်နှင့် မဆိုင် မိမိ၏သိက္ခာ ၊ ပြည်သူအပေါ် ထားရှိသည့် စေတနာတို့နှင့်သာ ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား Reviewed by THITHTOOLWIN on 12:58 Rating: 5
Powered by Blogger.