ဘရာဇီးလ်မှာ ဆည်ပြို ၆ ဦးသေ၊ ၂၀ပျောက်


ဘရာဇီးလ်နိုင်ငံမှာ ​မိုင်းတွင်းတစ်ခုရဲ့ ​ဆည်ကျိုးပဲ့ခဲ့ရာက ​လူ ​၆ ​ဦး ​သေဆုံးပြီး ​၂၀ ​ကျော် ​ပျောက်ဆုံးနေပါတယ်။

အဲဒီဆည်မှာ ​သြစတြေးလျနိုင်ငံက ​BHP ​မိုင်းတွင်းကုမ္ပဏီက ​အလုပ်လုပ်ကိုင်နေပြီး ​စွန့်ပစ်ပစ္စည်းတွေ ​ပါဝင်တဲ့ ​ဆည်ရေတွေ ​ကျိုးပဲ့ခဲ့တာ ​ဖြစ်ပါတယ်။

ကြာသပတေးနေ့တုန်းက ​ဆည်နှစ်ခု ​ကျိုးပဲ့တဲ့အပြင် ​အခုအခါမှာ ​တတိယမြောက် ​ဆည်တစ်ခုကလည်း ​ကျိုးပဲ့နိုင်တဲ့အတွက် ​အခုအခါမှာ ​အနီးအနားမှာ ​နေတဲ့ ​လူအားလုံးကို ​ရွှေ့ပြောင်းခိုင်းလိုက်ပြီ ​ဖြစ်ပါတယ်။

ရွံ့ရေတွေလို ​ဖြစ်နေတဲ့ ​မိုင်းတွင်း ​အညစ်အကြေးတွေက ​အဲဒီဒေသက ​နေအိမ်တွေ၊ ​လမ်းတွေကို ​ပိတ်ဆို့နေတယ်လို့ ​အဲဒီနေရာနားအထိ ​ရောက်သွားတဲ့ ​အေဘီစီ ​သတင်းထောက်က ​ပြောပါတယ်။

BHP ​ကုမ္ပဏီ ​ပိုင်ရှင် ​Andrew ​Mackenzie ​က ​ဘရာဇီးလ်နိုင်ငံကို ​သွားရောက်ပြီး ​အတတ်နိုင်ဆုံး ​လုပ်ဆောင်ကူညီသွားမယ်လို့ ​ပြောပါတယ်။

မြို့ခံ ​ဒေသရဲ့ ​ဘဝတွေ ​ပြန်လည် ​ထူထောင်ရေးမှာ ​ပါဝင်မှာဖြစ်တယ်လို့ ​သြစတြေးလျ ​မိုင်းကုမ္ပဏီ ​အရာရှိက ​ကတိပေးလိုက်ပါတယ်။

ဘရာဇီးလ်အစိုးရကလည်း ​BHP ​ကုမ္ပဏီနဲ့ ​အဲဒီ ​မိုင်းလုပ်ငန်းကို ​ပူးတွဲ ​လုပ်ကိုင်တဲ့ ​Vale ​ကုမ္ပဏီတို့ကို ​သဘာဝ ​ပတ်ဝန်းကျင် ​ညစ်ညမ်းအောင်လုပ်မှုနဲ့ ​ဒဏ်တပ်မယ်လို့ ​ပြောဆိုထားပါတယ်။

အစိုးရကနေ ​ဒဏ်ကြေးငွေ ​မတောင်းဆိုသေးပေမယ့် ​BHP ​က ​ဒေသခံတွေ ​ဘဝပြန်လည် ​ထူထောင်ရေးအတွက် ​ဒေါ်လာ ​သန်း ​၁၀၀ ​ကျော် ​ကူညီမယ်လို့ ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဘရာဇီးလ်မှာ ဆည်ပြို ၆ ဦးသေ၊ ၂၀ပျောက်   ဘရာဇီးလ်မှာ ဆည်ပြို ၆ ဦးသေ၊ ၂၀ပျောက် Reviewed by THITHTOOLWIN on 12:41 Rating: 5
Powered by Blogger.