ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဘယ်သူ့ ရွေးမလဲ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နေရာကို သင့်တော်သူသာ ရွေးကြေစေလို
၂၀၁၅ ရွေးကောက်ပွဲ နောက်ဆုံး မဲရလဒ်တွေ ကြေညာ အပြီးမှာတော့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ရခိုင် အမျိုးသား ပါတီက ၂၂ နေရာ အနိုင်ရရှိ ထားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၈ နေရာနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၃ နေရာ အသီးသီး အနိုင် ရရှိ ခဲ့ပါတယ်။

ရခိုင် အမျိုးသား ပါတီဟာ ပြည်နယ် လွှတ်တော်မှာ အမတ်နေရာ အများဆုံး ရရှိ ထားတဲ့ အတွက် လွှတ်တော်နဲ့ ပြည်နယ် အစိုးရကို စိုးမိုးမှု ရနိုင်မဲ့ အနေအထား ဖြစ်ပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော် သမ္မတ က တိုက်ရိုက် ခန့်ထားရမှာ ဖြစ်ပါတယ်။

အမ်းမြို့နယ် အမတ်နေရာ အနိုင် ရရှိခဲ့တဲ့ လက်ရှိ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အထွေထွေ ရွေးကောက်ပွဲမှာ ရှုံးနိမ့် ထားတဲ့ အတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ထပ်မံ အရွေးခံရဖို့ အတွက် မသေချာဘူး ဖြစ်နေပါတယ်။

NLD ပါတီ ကနေ ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ဖို့ ရေပန်း စားနေတဲ့ ဝါရင့် နိုင်ငံရေး သမား ဦးညီပု ကို ဒီကိစ္စတွေနဲ့ ပါတ်သက်လို့ မေးမြန်းကြည့်တော့ ဖြေကြားခွင့် မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဟာ အစိုးရ သက်တမ်း ၅ နှစ် အတွင်းမှာ ဝန်ကြီးချုပ် သုံးယောက် အပြောင်းအလဲ ဖြစ်ပွားခဲ့ပြီး ဘာသာရေး အဓိကရုန်းမှုတွေ ဖြစ်ပွား ခဲ့ရာ ပြည်နယ် လည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင် ရရှိထားကြတဲ့ ရခိုင် အမျိုးသားပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနဲ့ ပြည်ခိုင်ဖြိုး ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ ကို ထိန်းညှိ သွားနိုင်တဲ့ ဝန်ကြီးချုပ် တစ်ယောက် ဖြစ်ဖို့ လိုကြောင်း တစ်သီး ပုဂ္ဂလ လွှတ်တော် အမတ် ဦးကျော်ဇောဦး က ဘီဘီစီ ကို ပြောကြားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဘယ်သူ့ ရွေးမလဲ   ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဘယ်သူ့ ရွေးမလဲ Reviewed by THITHTOOLWIN on 04:43 Rating: 5
Powered by Blogger.