တရုတ်အစိုးရမှ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်လျက် ရှိဟု ဆို


နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ပြတ်ပြတ်သားသား အနိုင်ရခဲ့သဖြင့် စစ်အစိုးရကို ဆယ်စုနှစ်နှင့်ချီ၍ ကျောထောက်နောက်ခံ ပြုခဲ့သည့် တရုတ်နိုင်ငံသည် မဟာဗျူဟာအကျိုးစီးပွားနှင့် မြန်မာနိုင်ငံရှိ ယင်း၏ ဒေါ်လာဘီလီယံများစွာတန် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်လျက် ရှိသည်။

အစိုးရသစ် တက်လာသော်လည်း မြန်မာနိုင်ငံသည် ဘေဂျင်းနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀န်ယီက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ သမိုင်းဝင် ရွေးကောက်ပွဲတွင် NLD ပါတီက တောင်ပြိုကမ်းပြို အနိုင်ရပြီးနောက် ၀န်ယီက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အဖွဲ့အစည်းများအားလုံး စုပေါင်းကာ နိုင်ငံဖွံ့ဖြိုးရေး လုပ်ဆောင်ကြပြီး တည်ငြိမ်သော ၊ ဟန်ချက်ညီသော ၊ ဖွံ့ဖြိုးသော ၊ ညီညွတ်သော မြန်မာနိုင်ငံအဖြစ် အိမ်နီးချင်းကောင်း တရုတ်နိုင်ငံက မြင်တွေ့လိုသည်ဟု ၀န်ယီက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်တွင် မြန်မာနိုင်ငံသည် အမေရိကန်နှင့် အနောက်နိုင်ငံများနှင့် ပိုမိုနီးကပ်သွားနိုင်ပြီး တရုတ်၏ မဟာဗျူဟာ အကျိုးစီးပွားကို လျော့ပါးစေနိုင်သည်ဟု တရုတ်က ယူဆထားသည်။ နိုင်ငံခြားရေးဝန်ကြီး ၀န်ယီက “နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ မိတ်ဖက်ဆက်ဆံရေးဟာ နှစ်နိုင်ငံလုံးရဲ့ အခြေခံ အကျိုးစီးပွားတွေနဲ့ ကိုက်ညီပါတယ်။ တရုတ်က မြန်မာနိုင်ငံ အပေါ် ရင်းနှီးတဲ့ ဆက်ဆံရေးကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ကတိပြုပါတယ်” ဟု ပြောကြားကြောင်း တရုတ်နိုင်ငံပိုင် စင်ဟွာသတင်းဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံ နယ်စပ်အနီး မြန်မာနိုင်ငံ အရှေ့မြောက်ဒေသတွင် မြန်မာစစ်တပ်နှင့် တရုတ်လူမျိုး ကိုးကန့်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကို ရည်ညွှန်း၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေးကို ဆက်လက် ထောက်ခံသွားမည်ဟု ပြောကြားလိုက်ပြီး နယ်စပ်လုံခြုံရေးကို ပူးပေါင်းဆောင်ရွက် ရန် နှိုးဆော်ခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာအတိုက်အံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယခုနှစ် ဇွန်လတွင် ဖိတ်ခေါ်ခဲ့ပြီး တရားဝင် ဆက်ဆံရေး ထူထောင်ခဲ့သည်။ တရုတ်သမ္မတ ဇီကျင်ပင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် တရုတ် - မြန်မာ ဆက်ဆံရေး၏ ရေရှည်အနာဂတ်ကို ရှုမြင်ပေးရန် တောင်းဆိုခဲ့သည်။ သမ္မတ ဇီကျင်ပင်းက “တရုတ်နဲ့ မြန်မာဟာ နီးကပ်ပြီး ရင်းနှီးတဲ့ အိမ်နီးချင်းတွေပါ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် NLD တို့၏ ဆက်ဆံရေးသစ်ကို တည်ထောင်ခဲ့သည်။

မြန်မာနိုင်ငံ၏ အခြေအနေသစ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို နိုင်ငံပိုင် ဂလိုဘယ်တိုင်း သတင်းစာပါ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။ “အကယ်၍ NLD အနိုင်ရခဲ့ရင် မြန်မာအစိုးရဟာ အနောက်နိုင်ငံတွေနဲ့ ပိုမိုနီးစပ်သွားပြီး ဘေဂျင်းဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ကြုံရနိုင်တယ်လို့ အချို့က ပြောနေကြပါတယ်။ တရုတ်မြန်မာ ဆက်ဆံရေး အနာဂတ်အတွက် ဒီပြောကြားမှုတွေက မှားယွင်းပါတယ်။ အမှန်တော့ မြန်မာစစ်အစိုးရ လက်ထက်မှာ တရုတ်ကို ထောက်ခံတဲ့မူဝါဒ ကျင့်သုံးခဲ့ပေမယ့် ၂၀၁၁ မှာ ဦးသိန်းစိန် အစိုးရ တက်လာပြီး ကတည်းက ကြားနေ၀ါဒကို ကျင့်သုံးခဲ့ပါတယ်” ဟု ထိုဆောင်းပါးက ဆိုသည်။

ထို့အပြင် “မြန်မာအစိုးရသစ်ဟာ ဘယ်သူက ထိန်းချုပ်သည်ဖြစ်စေ အနောက်နိုင်ငံတွေနဲ့ ပိုမို နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်မှာ ဖြစ်ပေမယ့် တရုတ်နိုင်ငံနဲ့ ဝေးကွာသွားမှာ မဟုတ်ပါဘူး။ တရုတ်နဲ့ အမေရိကန်ကြား ဘက်လိုက်တာဟာ မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် နေရာနဲ့ သယံဇာတ အားသာချက်ကို ဆုံးရှုံးနိုင်တဲ့ အန္တရာယ် ရှိပါတယ်” ဟု ဖော်ပြခဲ့သည်။

ထိုဆောင်းပါးတွင် ”NLD အပါအ၀င် မြန်မာနိုင်ငံရေး ပါတီတွေအတွက် အစွန်းရောက်စရာ အကြောင်းရင်း မရှိပါဘူး။ မြန်မာအစိုးရသစ်ဟာ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးကို အာရုံစိုက် ဆောင်ရွက်သင့်ပါတယ်။ အဲဒီအတွက် တရုတ်ရဲ့ ထောက်ပံ့မှုတွေက အကူအညီဖြစ်စေမှာပါ” ဟု ဖော်ပြထားသည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies
တရုတ်အစိုးရမှ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်လျက် ရှိဟု ဆို   တရုတ်အစိုးရမှ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်လျက် ရှိဟု ဆို Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.