ကြိုတင်မဲပေးရန်သွားရောက်သူကို မဲပေးပြီးဖြစ်ဟု ရပ်ကွက်ကော်မရှင်ရုံးက ပြော


 ရန်ကင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့ နံနက် ၈း၃၅ မိနစ်ခန့်က ကြိုတင်မဲ သွားရောက်ပေးခဲ့သည့် မခင်မြတ်မော်၏ ကြိုတင်မဲမှာ ရပ်ကွက်ကော်မရှင်၏ အားနည်းချက်ကြောင့် မှားယွင်းမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါ မှားယွင်းမှုကို အဆင်ပြေ အောင် ပြန်လုပ်ပေးမည်ဟု ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြောကြားသည်။

မခင်မြတ်မော်၏ မဲစာရင်းအမှတ်မှာ (၇၉၆) ဖြစ်ပြီး သူမ မဲသွားပေးချိန်တွင် ရပ်ကွက်ကော်မရှင်မှ မဲပေးပြီးဖြစ်ကြောင်း၊ မခင်မြတ်မော်မှ သူမ အနေဖြင့် မဲလုံးဝမပေးရသေးကြောင်း၊ မဲပေးပြီးကြောင်း သက်သေခံလက်မှတ်တွင် ရေးထိုးထားသည့် လက်မှတ်မှာလည်း သူမ၏ လက်မှတ်မဟုတ်ကြောင်း၊ မဲပေးခွင့်ရရှိရေးအတွက် ဖြေရှင်းပေးစေလိုကြောင်း၊ မခင်မြတ်မော်က ရပ်ကွက်ကော်မရှင်ကို ပြန်လည် တောင်းဆိုခဲ့သည်။

မခင်မြတ်မော်၏ ကြိုတင်မဲ မှားယွင်းမှုနှင့်ပတ်သက်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် မခင်မြတ်မော် ၏ မိသားစုဝင်များနှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူများ တွေ့ဆုံ ပြီး မည်ကဲ့သို့ မှားယွင်းမှုဖြစ်ကြောင်းကို မျက်နှာချင်းဆိုင် ဖြေရှင်းခဲ့သည်။
‘ကျွန်မ မနက် ၈း၃၅ မိနစ်လောက်မှာ မဲသွားပေးတယ်၊ မဲသွားပေးတော့ ကော်မရှင်ရုံးက ကျွန်မကို မဲပေးပြီးသွားပြီဆိုပြီး ပြောတယ်။ မဲပေးပြီးကြောင်း သက်သေခံလက်မှတ်မှာ ထိုးထားတဲ့ လက်မှတ်ကို ပြတယ်။ အဲဒီလက်မှတ်က ကျွန်မ လက်မှတ်မဟုတ်ဘူးဆိုပြီး ကျွန်မက ပြောတယ်။ အဲဒါကို ရပ်ကွက် ကော်မရှင်ရုံးက ငြင်းတယ်။ ကျွန်မ လက်မှတ်မဟုတ်ဘူးဆိုတာကို အထပ်ထပ်ပြောပေမယ့် မဲပေးခွင့် မရခဲ့ဘူး`ဟု မခင်မြတ်မော်က ပြောသည်။

မိသားစုဝင်များ၊ မြို့နယ်ကော်မရှင်၊ ရပ်/ကျေးကော်မရှင်၊ မယကတို့ မျက်နှာချင်းဆိုင် ဖြေရှင်းရာတွင် အဆိုပါကိစ္စသည် ရပ်/ကျေးကော်မရှင်ဘက်မှ လွဲမှားမှုရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ လွဲမှားမှုကို ရှာဖွေ ရာတွင် မခင်မြတ်မော်၏ ရှေ့မှ မဲပေးသွားသူသည် မခင်မြတ်မော်၏ မဲပေးပြီးပြီးကြောင်း သက်သေခံ လက်မှတ်ပေါ်တွင် လက်မှတ်ရေးထိုးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မခင်မြတ်မော် မဲလာပေးချိန် တွင် မဲပေးပြီးပြီဟု ရပ်/ကျေးကော်မရှင်ဘက်မှ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ မခင်မြတ်မော်မှာ အမှန် တကယ် မဲမပေးခဲ့ရသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် မဲပေးခွင့်ရရှိရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မိသားစုဝင်များက ရပ်ကွက်ကော်မရှင်ရုံးတွင် အဆိုပါကိစ္စကို သွားရောက်ဖြေရှင်းရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်ပါ တွေ့ဆုံခဲ့ပြီး ဥက္ကဋ္ဌက ဖြေရှင်းအဖွဲ့နှင့် ဖြေရှင်းပေးမည်ဖြစ် ကြောင်း၊ မည်သူ လက်မှတ်ထိုးသနည်းဆိုခြင်းကို ရှာဖွေပြီး လက်မှတ်ပိုင်ရှင်ကို အရေးယူထောင်ချ သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သေးသည်။
မခင်မြတ်မော်သည် ရန်ကင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ မဲရုံ (၁)တွင် မဲပေးရမည့်သူ ဖြစ်ပါသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ကြိုတင်မဲပေးရန်သွားရောက်သူကို မဲပေးပြီးဖြစ်ဟု ရပ်ကွက်ကော်မရှင်ရုံးက ပြော   ကြိုတင်မဲပေးရန်သွားရောက်သူကို မဲပေးပြီးဖြစ်ဟု ရပ်ကွက်ကော်မရှင်ရုံးက ပြော Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.