ခေါင်းဆောင် ကိုအောင်မှိုင်းဆန်း နဲ့ ကျောင်းသားတစ်ဦးကို ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်း

သာယာဝတီအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ဗကသကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း ကို တွေ့ရစဉ်။ Photo: RFA
 သာယာဝတီအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေသူ ၇ဦးထဲက ဗကသကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း နဲ့ ကျောင်းသား ၁ ဦးကို ထောင်ဆေးရုံ ကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံ ဒီနေ့ လွှဲပြောင်းပေးလိုက်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ သကြားဓါတ်နည်းနေတာအပြင် အစာငတ်ခံဆန္ဒပြနေတာ ရက် ၂၀ ကျော်သွားပြီဖြစ်တာကြောင့် ကျန်းမာရေးအခြေအနေ စစ်ဆေးဖို့ဆိုပြီး လွှဲပေးလိုက်တာ ဖြစ်တယ်လို့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

"အကုန်လုံးအဆင်ပြေတယ်၊ နေရထိုင်ရတာလည်းကောင်းတယ်၊ သကြားဓါတ်နည်း တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ မနေ့ညနေ က ထောင်ဆေးရုံကိုတင်လိုက်တယ်၊ ဒီမနက်ကျတော့မှ သာယာဝတီဆေးရုံကိုပြောင်းတင်တယ်၊ တင်တော့လည်း ဆရာဝန်စစ်ချက်အရ ကြီးကြီးမားမားတော့ဘာမှမဖြစ်ဘူး၊ ကျနော်အစာငတ်ခံ တာရက် ၂ဝ လောက်ရှိပြီဆိုတော့ အူထဲမှာဘယ်လိုတွေဖြစ်ပျက်နေတယ်ဆိုတာနဲ့ ကျနော်ဝမ်းမသွားတော့ ကျနော့်ဝမ်းကို အရောင်ကြည့်ချင်တာနဲ့ ကြည့်မရတော့ အဲ့ကိစ္စတွေကို သာယာဝတီဆေးရုံကမနိုင်လို့ ရန်ကုန်ဆေးရုံကိုပို့ လိုက်တာပါ"

ဒါ့အပြင် ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြနေတာ တစ်ပတ်လောက်ရှိပြီဖြစ်တဲ့ ကျောင်းသားကိုဖြိုးဓနလည်း အားနည်းနေတာကြောင့် ပြီးခဲ့တဲ့နှစ်ရက်လောက်က ရန်ကုန်ဆေးရုံကြီးထံ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့အတွက် သာယာဝတီအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသား နဲ့ ဝန်းရံသူ ၇ ဦးရှိပြီး ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း အပါအ၀င် ၃ ဦးဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့ ရုံးချိန်းမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး က ကျောင်းသားတွေနဲ့ သွားရောက်တွေ့ဆုံပြီး အစာ ငတ်ခံဆန္ဒပြနေတာကို ရုပ်သိမ်းဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ခေါင်းဆောင် ကိုအောင်မှိုင်းဆန်း နဲ့ ကျောင်းသားတစ်ဦးကို ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်း  ခေါင်းဆောင် ကိုအောင်မှိုင်းဆန်း နဲ့ ကျောင်းသားတစ်ဦးကို ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်း Reviewed by THITHTOOLWIN on 00:18 Rating: 5
Powered by Blogger.