ရုရှားလေယာဉ် မောင်းသမား အသက်ရှင်သလား ဆိုတာ မသိရသေး

တူရကီက ပစ်ချလိုက်တဲ့ ရုရှားလေယာဉ် (Credit: ABC)
 တူရကီနိုင်ငံက ​ပစ်ချခဲ့တဲ့ ​ရုရှားစစ်လေယာဉ်ပေါ် ​လိုက်ပါသွားတဲ့ ​ရုရှား ​လေယာဉ်မောင်းသမား ​တစ်ယောက် ​သေဆုံးသွားပြီး ​နောက်တစ်ယောက်ရဲ့ ​ကံကြမ္မာကိုတော့ ​မသိရသေးပါဘူး။

တူရကီဘက်က ​ပြောဆိုချက်အရ ​သူတို့ရဲ့ ​ဝေဟင်ပိုင်နက်ထဲ ​ဝင်လာတဲ့ ​ရုရှား ​စစ်လေယာဉ်ကို ​၅ ​မိနစ်အတွင်း ​၁၀ ​ကြိမ် ​သတိပေးချက် ​ထုတ်ပြန်ခဲ့ပြီးမှ ​ပစ်ခတ်ခဲ့တာလို့ ​ဆိုပါတယ်။

ရုရှားအစိုးရကတော့ ​ဆီးရီးယား ​ဝေဟင်ပိုက်နက်မှာ ​ရောက်နေတုန်း ​တူရကီက ​ပစ်ချတာ ​ဖြစ်ပြီး ​တူရကီရဲ့ ​လုပ်ရပ်ဟာ ​နောက်ကျောကို ​ဓားနဲ့ ​ထိုးတဲ့ ​လုပ်ရပ်ဖြစ်ပြီး ​လက်တုန့်ပြန်မှုတွေ ​ကြုံရနိုင်တယ်လို့ ​သမ္မတ ​ဘလာဒီမီယာ ​ပူတင်က ​ပြောပါတယ်။

တူရကီက ​ပစ်ချလိုက်တဲ့ ​လေယာဉ်ဟာ ​ဆီးရီးယားနိုင်ငံထဲကို ​ပျက်ကျသွားပြီး ​လေယာဉ် ​ပျက်ကျတဲ့ ​နေရာဟာ ​ဆီးရီးယား ​သူပုန်တွေ ​ထိန်းချုပ်ထားတဲ့ ​ဒေသဖြစ်ပါတယ်။

ရုရှားလေယာဉ်ဟာ ​IS ​ကို ​တိုက်ခိုက်တာမဟုတ်ပဲ ​ဆီးရီးယား ​သမ္မတကို ​ဆန့်ကျင်တဲ့ ​သူပုန်တွေက ​တိုက်ခိုက်ကြောင်း ​ပြသနေတာလို့လည်း ​ပြောဆိုနေကြပါတယ်။

လေယာဉ်ပေါ် ​လိုက်ပါသူ ​ရုရှား ​လေယာဉ်မောင်းသမား ​နှစ်ဦးစလုံးက ​လေယာဉ် ​မပေါက်ကွဲခင်မှာ ​လေထီးနဲ့ ​ခုန်ချနိုင်ခဲ့ပါတယ်။

ဆီးရီးယား ​သူပုန်တပ်ဖွဲ့ ​တစ်ဖွဲ့ဖြစ်တဲ့ ​Turkmen ​ကတော့ ​သူတို့နယ်ထဲ ​ရောက်လာတဲ့ ​ရုရှားလေယာဉ် ​မောင်းသမား ​နှစ်ယောက်စလုံးကို ​သတ်ပစ်လိုက်ပြီလို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​တူရကီ ​အစိုးရကတော့ ​ရုရှား ​လေယာဉ်မောင်းသမား ​တစ်ယောက် ​အသက်ရှင်နိုင်တယ်လို့ ​ပြောပါတယ်။

ရုရှားကလည်း ​လေယာဉ် ​မောင်းသမား ​တစ်ယောက် ​သေဆုံးပြီဆိုတာကို ​ပြောဆိုပြီး ​နောက်တစ်ယောက်ရဲ့ ​ကံကြမ္မာကို ​မသိရသေးဘူးလို့ ​ဆိုပါတယ်။

ရုရှား ​သမ္မတ ​ဘလာဒီမီယာ ​ပူတင်က ​လေယာဉ်ဟာ ​ဆီးရီးယားနယ်ထဲ ​တစ်ကီလိုမီတာ ​ဝင်ပြီးမှ ​ပစ်ခတ်ခံရတာ ​ဖြစ်ပြီး ​ပစ်ချတဲ့လူဟာ ​အကြမ်းဖက်သမားတွေနဲ့ ​အလိုတူ ​အလိုပါတွေပဲ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ဒီလို ​ပြစ်မှုမျိုးကို ​ရုရှားက ​သီးခံမှာ ​မဟုတ်ဘူးလို့ ​ပြောလိုက်ပါတယ်။
တူရကီ ​သမ္မတကတော့ ​ရုရှားအနေနဲ့ ​အရင်တုန်းကလည်း ​တူရကီနယ်ထဲ ​ဝင်ရောက်တာမျိုး ​ရှိပေမယ့် ​တူရကီက ​ခေါင်းအေးအေးထားပြီး ​ပစ်ခတ်မှုတွေ ​မလုပ်ခဲ့ဘူးလို့ ​ပြောဆိုထားပါတယ်။
ရုရှားဘက်က ​တုန့်ပြန်နိုင်တဲ့ ​အလားအလာနဲ့ ​တူရကီဘက်ကလည်း ​အလျှော့မပေးတဲ့ ​အလားအလာကြောင့် ​နှစ်ဘက်စလုံး ​စိတ်အေးအေးထားပြီး ​ပြဿနာကို ​ဖြေရှင်းကြဖို့ ​ကမ္ဘာ့ခေါင်းဆောင်တွေက ​တိုက်တွန်းလိုက်ပါတယ်။
တူရကီကလည်း ​နေတိုးအဖွဲ့ရဲ့ ​အရေးပေါ် ​အစည်းအဝေးလုပ်ဖို့ ​ပြောဆိုလိုက်သလို ​နေတိုးကလည်း ​သူ့ရဲ့ ​အဖွဲ့ဝင် ​တူရကီဘက်က ​ရပ်တည်လိုက်ပါတယ်။

ပြင်သစ် ​သမ္မတကတော့ ​မကြာခင်မှာ ​ရုရှား ​သမ္မတနဲ့ ​တွေ့ဆုံဖို့ရှိပြီး ​ဒီတွေ့ဆုံမှုအတွင်း ​IS ​ကိုသာ ​ပစ်မှတ်ထားတဲ့ ​တိုက်ခိုက်မှုမျိုးကို ​လုပ်ဖို့ ​တိုက်တွန်းမယ်လို့ ​ဆိုပါတယ်။

IS ​ကို ​တိုက်ခိုက်နေတဲ့ ​အနောက်တိုင်းနိုင်ငံနဲ့ ​ဆီးရီးယား ​အစိုးရကို ​တိုက်ခိုက်နေတဲ့ ​သူပုန်တပ်ဖွဲ့ ​မှန်သမျှကို ​တိုက်ခိုက်နေတဲ့ ​ရုရှားအကြား ​တင်းမာမှုတွေ ​ဖြစ်ပွားပြီးတဲ့နောက် ​IS ​အဖွဲ့ကိုသာ ​တိုက်ပြီး ​တခြား ​သူပုန်တပ်ဖွဲ့ကို ​မတိုက်ဖို့ ​ရုရှားကို ​ပြောဆိုမှာ ​ဖြစ်ပါတယ်။

ရုရှား ​နိုင်ငံခြားရေး ​ဝန်ကြီး ​Sergei ​Lavrov ​ကတော့ ​တူရကီ ​ခရီးစဉ်ကို ​ဖျက်သိမ်းလိုက်သလို ​တူရကီနိုင်ငံကို ​သွားမလည်ဖို့လည်း ​ရုရှားနိုင်ငံသားတွေကို ​ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံသားတွေ ​တူရကီကို ​မလည်ပတ်တော့ရင်တော့ ​တူရကီရဲ့ ​ခရီးသွားလာရေး ​လုပ်ငန်းမှာ ​ထိခိုက်နစ်နာမှုတွေ ​များနိုင်ကြောင်းလည်း ​သိရပါတယ်။

သြစတြေးလျ ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​ကလည်း ​ဒီကိစ္စကို ​အနီးကပ် ​စောင့်ကြည့်နေပြီး ​ပြဿနာကို ​ခေါင်းအေးအေးထားပြီး ​ဖြေရှင်းကြဖို့ ​တိုက်တွန်းထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ရုရှားလေယာဉ် မောင်းသမား အသက်ရှင်သလား ဆိုတာ မသိရသေး   ရုရှားလေယာဉ် မောင်းသမား အသက်ရှင်သလား ဆိုတာ မသိရသေး Reviewed by THITHTOOLWIN on 09:41 Rating: 5
Powered by Blogger.