အလွန်ပျော်စရာ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် ပျော်စရာ


မြန်မာနိုင်ငံမှာ ပူပူနွေးနွေး ကျင်းပပြီးစ ရွေးကောက်ပွဲဟာ အတိုက်အခံပါတီကြီးက
အပြတ်အသတ် နိုင်သွားပြီး လက်ရှိ အာဏာရပါတီကြီးက မရှုမလှ ရှုံးသွားတာကို
“အလွန်ပျော်စရာ ရွေးကောက်ပွဲ”ပါ လို့ ကင်မွန်းတပ်မိလေတော့ ဒါဟာ
ဘက်လိုက်မှုပဲလို့ စွပ်စွဲရင်လည်း ဟုတ်ပါတယ်လို့ပဲ ခပ်ပြုံးပြုံး ၀န်ခံရတော့မှာပါပဲ။
(ခပ်မဲ့မဲ့ ၀န်ခံသင့်တာပေမယ့် ပျော်တာကို မဖုံးနိုင်လို့ခင်ဗျ)။ ဟုတ်တယ်လေ။
အများသိတဲ့အတိုင်း အခု အနိုင်ရသွားတာဟာ ပြည်သူများရဲ့ဆန္ဒ ပြည်သူ
အများစုရဲ့ ရွေးချယ်မှု ဖြစ်လေတော့ အများစု လိုလားချက်အတိုင်း ဖြစ်သွားတာဟာ
အများစုကြီးရဲ့ ပျော်စရာ ဖြစ်ရတော့တာပဲ မဟုတ်ပါလား ခင်ဗျား။

တကယ်တော့ ဘက်လိုက်တယ်ဆိုရာမှာ အမှားနဲ့ အမှန်ကြား အမှန်ဘက်လိုက်တာ၊
ဓမ္မနဲ့ အဓမ္မကြားမှာ ဓမ္မဘက် လိုက်တာ၊ အတ္တနဲ့ ပရကြားမှာ ပရဘက်လိုက်တာပါပဲ
စသဖြင့် ပြောနိုင်တာပေမယ့်လည်း ဒီအချိန်မှာ ပြောဖို့မသင့်လှတာမို့ မပြောဘဲ
ထားလိုက်ကြစို့ပေါ့။ (အငြိမ့်လူရွှင်တော် အကွက်တွေ လာသုံးနေပြန်ပြီလို့
မပြောကြေးနော်)။ တကယ်တော့ ဒီ ပျော်စရာ ဆိုတာကြီးက အလွယ်တကူ
ရခဲ့တာတော့ မဟုတ်ဘူးခင်ဗျ။ ကမ္ဘာမှာ ငွေကုန်၊ လူပန်းဆုံး ရွေးကောက်ပွဲအဖြစ်
မှတ်တမ်းတင်မယ် ဆိုရင် ပြိုင်ဘက်မရှိ ဖြစ်နိုင်တာကြီးမို့ပါ။ ရွေးကော်အဖွဲ့ကြီးက
လူတွေခန့်၊ စက်တွေသုံး၊ ဆော့ဝဲဆိုတာကြီးတွေနဲ့ ဆော့လိုဆော့ ၀ဲလိုဝဲ
လုပ်တဲ့စရိတ်များဟာ ဒေါ်လာသန်းချီ ကုန်ပါတယ်လို့ ဆိုနေကြတာလေ။ ဒါပေမဲ့
ရွေးကော်ဥက္ကဋ္ဌကြီးကတော့ “ကိုယ့် ထမင်းကိုယ်စား”လုပ်ရတာဖြစ်ပြီး
အဝေးကလာတဲ့ ပေါင်မုန့်နဲ့ချိစ်ကို အရသာခံစားပြီး လုပ်တယ်ဆိုတာ မဟုတ်ကြောင်း
“ဒဏ်ရာများနဲ့ ဒိုင်လူကြီး” ဆိုတဲ့ တေးကိုဆိုရင်း ရင်ဖွင့်သွားပါရောလား။ ဒါပေမဲ့
ဘယ်လောက်ကုန်ကုန် မကုန်ကုန် အဲဒါက ကိုယ့်ပိုက်ဆံ မဟုတ်ဘူးမို့ ခေါင်းထဲ
မထည့်ဘဲ ထားကြစို့။

ဒါပေမဲ့ ပထမမဲစာရင်း အမှားဆိုတာကြီးကို ဒီမိုကရေစီဘက်သားများက
တစ်အိမ်တက်ဆင်း လိုက်လံပြီး ပြန်ပြုစုရ၊ လျှောက်သင့်တာ လျှောက်ခိုင်းရ၊
ပြင်ရမယ့်ဟာ ပြင်ခိုင်းရ၊ ဖြုတ်ရမယ့်ဟာ ဖြုတ်နိုင်အောင် လုပ်ကြရဆိုတာ အတော့်
ကို ငွေကုန်လူပန်းခံ လုပ်ခဲ့ရတာပါ။ ဟော အားလုံးသိတဲ့အတိုင်း လုပ်လည်းပြီးရော၊
အဲဒီ လkdဟုတ်တော့ဘူး။ အိမ်နံပါတ်အစဉ်နဲ့ ပြန်လုပ်မယ်ဆိုပြီး နောက်တစ်မျိုး
ထွက်ပြန်ရော။ ဒီဘက်က လူများလည်း တစ်အိမ်ဝင် တစ်အိမ်ထွက်
ကိုယ့်ထမင်းကိုယ်စား သွားကြရပြန်ရော။ ကဲ သိကြတဲ့အတိုင်း အဲဒီလို
ငွေကုန်သံပြာ လုပ်ပြီးပြန်တော့ မဟုတ်ပြန်ဘူးတဲ့။ နောက်တစ်မျိုးက မဲရုံအလိုက်
ဆိုပြီး ထပ်ထွက်ပြန်တာတဲ့။ အဲဒီမှာ မဲစာရင်းအသစ်တွေကို တစ်အိမ်တက်ဆင်း
လိုက်ပေးကြရပြန်ရော။ ဟော ပေးနေတုန်း တန်းလန်းမှာပဲ သက်သေခံလက်မှတ်
ဆိုတာ ကြီးထွက်လာပြီး ဒါကြီးမထုတ်မနေရ ဆိုတော့ သွားထုတ်ကြပါလို့ လိုက်
ပြောရပြန်ပါရော။

တစ်ခါ မဲလက်မှတ်ကို တံဆိပ်ထုရမယ်ဆိုတာ လုပ်ပြန်တော့ ပယ်မဲခိုင်လုံမဲကို
နားလည်အောင်နဲ့ တံဆိပ်တုံးထုတတ်အောင် တံဆိပ်တုံးတွေလုပ်၊ မဲလက်မှတ်
ပုံစံမျိုးတွေ (ကော်မရှင်ကပြတဲ့ နမူနာအတိုင်း) လုပ်ပြီး တစ်အိမ်တက်ဆင်း
လိုက်သင် ကြရပြန်ရော။ မဲပေးသူများကလည်း ပယ်မဲဖြစ်မှာကို သေမလောက်
ကြောက်ပြီး အပြင်းအထန် ကြိုးစားလေ့ကျင့် လိုက်ကြပုံများ ရွေးကောက်ပွဲ
မဲထည့်နည်းပညာ ဆိုတာကို စာမေးပွဲစစ်ပြီး ဘွဲ့ပေးရင် လူတိုင်း ပီအိတ်ခ်ျဒီ
ဖြစ်နိုင်လောက်အောင်ကို တတ်သွား ကြသကိုး။ ဒါပေမဲ့ ဒီလို ငွေကုန်ခြေတိုခံပြီး
သင်ပေးသူပေး၊ သင်ယူသူက ယူလုပ်ခဲ့သမျှဟာ ရွေးကောက်ပွဲနေ့ကျတော့ အများ
စိုးရိမ်သလို ပယ်မဲမဖြစ်ကြဘဲ အားလုံးလိုလို စာမေးပွဲ အောင်သွားကြတာကတော့
ကုန်ရကျိုး၊ ပန်းရကျိုး နပ်တယ်ဆိုရမှာပါပဲ။

ဘာပဲဖြစ်ဖြစ် ဒေသဆိုင်ရာ ကော်မရှင်လူကြီးမင်းများရဲ့ ၇၅ ရာခိုင်နှုန်းကျော်က
မှန်မှန်ကန်ကန် လုပ်ခဲ့ကြတယ် ဆိုတာကလည်း မဖြစ်မနေ သမိုင်းတင်ရမယ့်ကိစ္စ
ဖြစ်သွားပါပြီ။ ယူအီးစီကြီးက ဘာပြောပြော၊ အဲဒီအဖွဲ့ကြီးကိုလည်း လူတွေက
ဘာထင်ထင်၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင် အတော်များများက အမှန်တရားကို
ချစ်ကြသူများဆိုတာ ဒီပွဲမှာ မြင်ရပါတယ်။ ဆိုင်မဆိုင် မသိပေမယ့် မြင်မိတာ
တစ်ခုကတော့ ကော်မရှင်အဖွဲ့နဲ့ မဲရုံအဖွဲ့ဝင်များဟာ ကြိုတင်မဲပေးကြရပါတယ်။ အဲ၊
ကြိုတင် မဲ ရေတွက်လိုက်တော့ တချို့မဲရုံများမှာ အာဏာရပါတီကြီးက
ကိုယ်စားလှယ်လောင်းဟာ သူနဲ့သူ့မိသားစု သူ့ဆွေမျိုးလောက်ကပဲ ပေးတယ်ဆိုတဲ့
အဖြေမျိုး ထွက်လာတယ်လေ။ သြော်၊ ဒီတော့ အမှန်တရားချစ်သူတွေ ပေါင်းစည်း
မိပြီး အမှန်တရားအဖြေ ထွက်လာတာပဲလို့ စဉ်းစားမိတာပါ။ (ဇွတ်ကြီးဆွဲတွေးတယ်လို့
စွပ်စွဲလည်း ခံရမှာပေါ့နော်)။

ဒီအထဲမှာ ဘာကြောင့်မှန်းမသိ၊ ရွေးကောက်ပွဲညမှာ မဲအားလုံးအဖြေထွက်အပြီး
ပြဋ္ဌာန်းဥပဒေအတိုင်း ပုံစံ ၁၉ လက်မှတ်ထိုးကြမယ် ဆိုတော့မှ အဲဒီနေ့ ယူအီးစီက
အရေးပေါ် ညွှန်ကြားချက်အရ အနိုင်ရကိုယ်စားလှယ်တွေ လက်မှတ်ထိုးခွင့်
မပေးနိုင်ဘူးဆိုလို့ တစ်ချိန်လုံး အဆင်ပြေလာတဲ့ ကော်မရှင်နဲ့ အနိုင်ရပါတီဝင်တွေ
ငြင်းရခုံရ ဖြစ်ခဲ့သေးတာကလည်း မဖြစ်မနေ သမိုင်းတင်ရမယ့် အကွက်တစ်ခုပါပဲ။
ဘာကြောင့်ပဲဖြစ်စေ ဥပဒေနဲ့ဆန့်ကျင်တဲ့ ညွှန်ကြားချက်မျိုး ထုတ်တဲ့ အလေ့အထ
ကတော့ အတော်ဆိုးဝါးပါတယ်။ ညွှန်ကြားချက်ဆိုတာက ဥပဒေနဲ့အညီပဲ ဖြစ်ရမှာ
ဖြစ်ပြီး ဥပဒေနဲ့ဆန့်ကျင် ထုတ်ပြန်လို့မရပါဘူး။ “ဥပဒေက မည်သို့ဆိုစေ”ဆိုပြီး
လုပ်ချင်ရာ ဇွတ်လုပ်တဲ့ ညွှန်ကြားချက်မျိုး ထုတ်ခဲ့တဲ့ မဆလပါတီကြီးကဖြင့်
သမိုင်းအမည်းစက်များနဲ့ ဇာတ်သိမ်းသွားခဲ့တာ သင်ခန်းစာယူသင့်ပါတယ်။
နောက်တစ်ရက်ကျမှ ပုံစံ ၁၉ ကို လက်မှတ်ထိုးကြရတဲ့အတွက် ဥပဒေနဲ့ အညီ
အဲဒီနေ့မှာ ရှိသင့်ရှိထိုက်သူများနဲ့ လက်မှတ်ထိုးဖို့ ခက်ခဲသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုတော့ ပျော်စရာ ရွေးကောက်ပွဲကြီး ပြီးသွားလို့ ပြည်သူတွေက
တော့ “ရွေးကောက်ပွဲအပြီး ပျော်စရာ” ကို မျှော်ရှာနေကြပါပြီ။ အနိုင်ရပါတီကြီး
ကလည်း အစိုးရဖွဲ့ဖို့ သေချာနေသလို တပ်မတော်၊ သမ္မတကြီးနဲ့ လွှတ်တော်
ဥက္ကဋ္ဌကြီး တို့ကလည်း ဂုဏ်ပြုစကားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ
ထုတ်ပြန်ထားပါပြီ။ အာဏာရပါတီ ခေါင်းဆောင်ကြီး ကလည်း ရှုံးကြောင်း ၀န်ခံတဲ့
သတင်းစကားတွေ ဘာတွေ ထုတ်ခဲ့ပြီးပါပြီ။ ဒီတော့ ရွေးကောက်ပွဲအပြီး ပျော်စရာက
နီးစပ်နေပြီလား။

ဘာပဲဖြစ်ဖြစ် ဘဘဦးတင်အေး စကားငှားပြောရရင် ပြည်သူတွေကတော့
“ခဲခဏခဏ မှန်ဖူးတဲ့ စာသူငယ်” တွေမို့ ရဲရဲမပျော်နိုင်ကြရှာပဲ ဖြစ်နေပါတယ်။
ကိုယ်မဲထည့်တဲ့ ပါတီက အပြတ်အသတ် တောင်ပြိုကမ်းပြို နိုင်ပြီး အစိုးရဖွဲ့ဖို့
သေချာတာတောင် အောင်ပွဲမခံ၊ နှုတ်ဆိတ်နေတဲ့ ပြည်သူတွေအဖြစ် နိုင်ငံတကာမှာ
ပြိုင်ဘက်မရှိ မှတ်တမ်းဝင်မယ့် သူတွေ ဖြစ်နေပါသေးတယ်။ ဒါပေမဲ့ ဒီပျော်စရာဟာ
အနိုင်ရသူတွေ အတွက်သာ မဟုတ်ဘဲ ပြည်သူအားလုံးအတွက် ဖြစ်တယ်ဆိုတာ
တဖြည်းဖြည်း ထင်ရှားလာ ပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံဟာ သယံဇာတ
ပေါကြွယ်ပြီး ဒီမိုကရေစီ အစိုးရတစ်ရပ် လက်ထဲမှာ နိုင်ငံတကာမှာ ခေါင်းဆောင်မှု
နေရာကို ရခဲ့တဲ့နိုင်ငံ၊ ကုလသမဂ္ဂမှာ မျက်နှာပွင့်တဲ့ နိုင်ငံ၊ ဘက်မလိုက်အုပ်စုကို
ထူထောင်ခဲ့တဲ့နိုင်ငံ စသဖြင့် အောင်မြင်မှု ရခဲ့သမျှဆီ ပြန်သွားနိုင်တဲ့အခါ ရရှိလာတဲ့
အသီးအပွင့်တွေကို ဒီနေ့ အနိုင်ရပါတီကို ထောက်ခံသူများရော ကန့်ကွက်မဲထည့်
ခဲ့သူများနဲ့ လူမြင်သူမြင်ရော၊ အွန်လိုင်းကနေ အကောင့်ပုန်းနဲ့ပါ အားရပါးရ
ဆဲခဲ့သူများပါ တန်းတူခံစားခွင့်ရကြမှာပါ။

ကိုယ်ကျိုးမပါတဲ့ စိတ်နဲ့ နိုင်ငံကို ထူထောင်ကြတာ ဖြစ်တဲ့တိုင်အောင် အာဏာဗဟိုပြု
တဲ့ အုပ်စုများက နိုင်သွားရင် တစ်ဖက်အုပ်စုဟာ သူတို့ရဲ့ နိုင်ငံထူထောင်မှုကို
ပိတ်ဆို့သူများအဖြစ် ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုသလို ရှင်းလင်းပစ်တာ
ခံရတတ်ပါတယ်။ ဒီလိုစိတ်မျိုးနဲ့ပဲ နိုင်ငံထူထောင်တာပေမယ့် ဒီမိုကရေစီစနစ်နဲ့
ထူထောင်မယ့်သူများက အနိုင်ရသွားတဲ့အခါ ရှုံးသူများရဲ့ အနာဂတ်ဟာ ပူပန်စရာ
မရှိလှတဲ့အပြင် ရလာတဲ့ အကျိုးအမြတ်ကိုလည်း တူညီမျှမျှ ခံစားခွင့်ရကြမယ့်
“ပျော်စရာ” အခွင့်အလမ်းကို လူတိုင်းနည်းတူပဲ ရရှိမှာဖြစ်ပြီး ဒါမှ မကျေနပ်သေးရင်
လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့် ရကြဦးမှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က နိုင်ငံတကာနဲ့ အများကြီး ပြတ်ကျန်ခဲ့လေတော့
အများတန်းတူ ဆက်ဆံနိုင်ဖို့ အပြင်းအထန် ကြိုးစားကြရမယ့် အချိန်မှာ
နိုင်ငံသား အချင်းချင်း ငြင်းခုံနေဖို့၊ လက်ညှိုးထိုးနေဖို့၊ အပြစ်ရှာပြောနေဖို့
အချိန်ပေးရမယ့် အခါတော့ မဟုတ်တော့ပါဘူး။ ဒါကြောင့် အားလုံးလက်တွဲပြီး
ပျော်စရာကို အတူတူခံစားဖို့ ပျော်ပျော်ကြီး ၀ိုင်းကြိုးစားရမယ့် အချိန်ရောက်ပြီလို့
ပြောချင်ပါတယ်။ မကြာလှတဲ့ ကာလများမှာ ပြည်သူကို ချစ်ခင်လေးစားတဲ့
တပ်မတော်၊ ပြည်သူကလည်း အားကိုးချစ်ခင်ပြီး ကိုယ့်သွေးသားထဲက ပေါက်ဖွား
ကိုယ့်ရင်နှစ်သားပဲလို့ ဂုဏ်ယူရမယ့် တပ်မတော် ၊ ပြည်သူကို တန်ဖိုးထားပြီး
ကိုယ်ကျိုးမဖက် အားကြိုးမာန်တက် လုပ်ပေးမယ့် အစိုးရနဲ့ အစိုးရကို လေးစားချစ်ခင်စွာ
ထိန်းကျောင်း လမ်းတည့်ပေးရင်း အစိုးရကို မုန်းစရာအကြောင်း
မရှိ၊ ပြုံးစရာ အပေါင်းပကတိနဲ့ မင်္ဂလာရှိမယ့် ကာလတစ်ရပ် ရောက်လာနိုင်တယ်လို့
မျှော်လင့်နိုင်ပြီ ထင်ပါတယ်။

ဒီလို မင်္ဂလာရှိတဲ့နေရာကို ရောက်ဖို့ အနိုင်ရပါတီချည်း သွားလို့ရမှာ မဟုတ်ဘဲ
အားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်မှသာ ကျွန်တော်တို့ ခွဲဝေရယူနိုင်မယ့်
အသီးအပွင့်များရှိရာကို အမြန်ဆုံး လျှောက်လှမ်းနိုင်မှာပါ။ အဲဒီကာလကျရင် ခေတ်မီ
နိုင်ငံတော်ကြီး အစစ်နဲ့အတူ ခေတ်မီ တပ်မတော်ကြီးအဖြစ် နိုင်ငံတကာက ခန့်ညား
လေးစား အသိအမှတ်ပြုရမယ့်နေ့ ရောက်လာမှာလည်း ဖြစ်လာမှာ မြင်ယောင်မိပါ
တယ်။ အဲဒီအခါကျ နိုင်ငံတကာအရေး လှည့်မကြည့်နိုင်ဘဲ ပြည်သူအချင်းချင်းကြား
နိုင်ငံရေး နည်းအစား စစ်ရေးနဲ့ ဖြေရှင်းထဲ အလေ့အထထဲမှာ အချိန်ကုန် နစ်မွန်းရတဲ့
တပ်မတော်ဘ၀ကလည်း လွတ်မြောက်သွားနိုင်မှာပါ။

သမိုင်းရဲ့ အချိုးအကွေ့ဆိုတာ လျင်မြန်ပြီး အတိမ်းအစောင်း မခံတာမျိုး ကြုံရတတ်
ပါတယ်။ ဒီလိုအခါမျိုးမှာ ခေါင်းဆောင်ဆိုသူများဟာ သမိုင်းရေစီးရဲ့ ဘယ်ဘက်ကမ်း
မှာ ရှိနေလို့လဲဆိုတာက အရေးမကြီးဘဲ ဒီအချိုးအကွေ့ကို အသုံးချပြီး ပြည်သူ့
အကျိုးနဲ့အတူ မိမိရဲ့ ဂုဏ်သိက္ခာ၊ မိမိရဲ့သမိုင်းကို ဘယ်လို လှလှပပ တင်ကျန်ခဲ့
အောင် ဖန်တီးမလဲ လို့ ဆုံးဖြတ်နိုင်သူတို့သာ သားစဉ်မြေးဆက်မှာ လေးစား
တန်ဖိုးထားထိုက်သူအဖြစ် ကျန်ရစ်စမြဲပါ။ တောင်ကိုရီးယားက ဗိုလ်ချုပ်ကြီး
ရိုတေ၀ူးဟာ ချွန်ဒူးဝမ်က သူ့ကိုလက်လွှဲပေးခဲ့တဲ့ အာဏာကို အလွယ်ရယူမယ့်
အစား သူရှုံးဖို့ သေချာသလောက်ရှိတဲ့ ရွေးကောက်ပွဲကို လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့
အဲဒီပွဲမှာ ပြည်သူ့ဘက်က တစ်သက်လုံး အနစ်နာခံရပ်ခဲ့ကြတဲ့ ဒီမိုကရေစီ
ခေါင်းဆောင်နှစ်ဦး ဖြစ်သူ ကင်ယုန်ဆမ်းနဲ့ ကင်ဒေးဂျုံတို့ဟာ မညီညွတ်တဲ့အတွက်
ရိုတေ၀ူးအနိုင်ရပြီး သမ္မတဖြစ်ခဲ့ပါတယ်။ အာဏာရှင် သမ္မတဘ၀ခံယူမယ့် အစား
ပြည်သူ့ အဆုံးအဖြတ်ကို ရဲရဲခံယူခဲ့တဲ့ ရိုတေ၀ူးဟာ ဒီမိုကရေစီ သမ္မတကြီးအဖြစ်
သမိုင်းလှသွားခဲ့ပါတယ်။ အဆုံးအဖြတ်မှားခဲ့တဲ့ ဒီမိုကရေစီခေါင်းဆောင် နှစ်ဦးဟာ
လည်း နောင်မှာ ညှိနှိုင်းဆောင်ရွက်တဲ့အတွက် နှစ်ဦးစလုံး သမ္မတတစ်လှည့်စီ
ဖြစ်ကြပါတယ်။ ဒီလို ပြည်သူ့အကျိုးကိုသာ ကြည့်တဲ့ တပ်ခေါင်းဆောင်နဲ့
နိုင်ငံရေး ခေါင်းဆောင်များကို ရခဲ့တဲ့ တောင်ကိုရီးယားဟာ ထိပ်တန်းရောက်နေတာ
ဟာ အံ့သြစရာမရှိပါဘုး။

ကျွန်တော်တို့ ခေါင်းဆောင်များဟာလည်း ဒီလောက် သဘောထားသေးသူများ
မဟုတ်နိုင်တာကြောင့် အားလုံးအတွက် “ပျော်စရာ” တစ်ခေတ်ဆီကို လက်တွဲ
သွားကြဖို့ ၀ိုင်းဆောင်ရွက်ကြမယ် ဆိုတာ ကျွန်တော်တို့ ပြည်သူတွေ မျှော်လင့်
အိပ်မက်နေကြပါပြီ ခင်ဗျား။

ရီနေနိုင်
The Ladies News Journal
https://www.facebook.com/News.TheLadies
အလွန်ပျော်စရာ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် ပျော်စရာ  အလွန်ပျော်စရာ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် ပျော်စရာ Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.