ငရဲခန်းမှ လွတ်မြောက်ခြင်း


 “သစ်သမားကြီးတယောက် လာသွားတော့ သူက ၉,၅၀၀ ပဲပေးလို့ ကွန်ဒုံးမသုံးဘဲ ၀င်မိတာ။ ကျွန်မက အဲဒီ အကြောင်းကို သူတို့ကိုပြောတဲ့အခါ သုံးရက်လောက်ကြာမှ ဆေးဝယ်ပေးတယ်။ အဲဒါကြောင့် ကျွန်မမှာ ကိုယ်ဝန်သုံးလရှိသွားပြီ”

 ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာပြီးဆုံးသွားပြီး လူထုမျှော်လင့် တောင့်တနေသော အပြောင်းအလဲတခုကိုတော့ မကြာမီအချိန်ကြီးမှာ မြင်တွေ့ရတော့မယ်ဆိုပြီး လူထုကတော့ အမျှော်ကြီးမျှော်နေကြပါပြီ။ ပြည်သူလူထုက အဲဒီအပြောင်းအလဲဆိုသည့်အရာကြီးကို ဘာကြောင့် တပ်မက်စွာ မျှော်လင့်နေကြပါသနည်း။ အကြောင်းတော့ ရှိရမည်ဖြစ်ပေသည်။

ကျွန်တော် ချေးခြောက်ရေနှူးပြီး ပြောနေခြင်းမဟုတ်ပါ။ လွန်လေပြီးသော အရာတွေကိုလည်း အဆိုးမြင်ဝါဒနဲ့ ကြည့်နေခြင်း မဟုတ်ပါ။ ဒါပေမဲ့ တကယ်ခံစားနေရတဲ့ ဘ၀တွေအတွက်တော့ ရင်နာမိလို့ ရေးဖြစ်တာပါ။ ကျွန်တော်တို့ မြန်မာစကားပုံ တခုရှိသည်။

“ခေါင်က မိုးမလုံတော့ တံစက် မိုးမလုံ”ဆိုသည့် စကားပင် ဖြစ်သည်။ တိုင်းပြည်တပြည်တွင် မိဘသဖွယ်တူသော အုပ်ချုပ်သူများအနေနှင့် ကောင်းမွန်သည့်အုပ်ချုပ်မှု စီမံခန့်ခွဲမှု မရှိခြင်း၊ တရားဥပဒေစိုးမိုးမှု မရှိခြင်းက ပြည်သူပြည်သားတွေအပေါ် ဆင်းရဲမွဲတေမှုထူပြောစေပြီး အလုပ်အကိုင်အခွင့်အလမ်း နည်းပါးကာ ဒုက္ခပင်လယ် ဝေစေခဲ့သည်။

ဆင်းရဲမွဲတေမှုများလာသောအခါ ပြည်သူများအနေဖြင့် မဖြစ်သင့်သည့်အရာများ မိမိမလုပ်ချင်သည့် အရာများကို ဇွတ်ကြိတ်မှိတ်ပြီး လုပ်ကိုင်ရင်း ၎င်းတို့၏ ကိုယ်ပိုင်စိတ်ချမ်းသာမှုများ ပျောက်ဆုံးနေပြီး လူသားဆန်ဆန် နေထိုင်နိုင်မှုများလည်း သိသိသာသာ ပျောက်ဆုံးခဲ့ရတော့သည်။

အဆိုပါဖြစ်ရပ်များစွာ ရှိသည့်အထဲတွင် ယခုတင်ပြမည့်အကြောင်း အရာလေးကတော့ ဆင်းရဲမွဲတေမှု၏ သားကောင်များဖြစ်ကြရင်း မိမိတို့၏ လူသားဆန်ဆန်နေထိုင်နိုင်မှု ပျောက်ဆုံးနေသော အကြောင်းအရာ လေးပင်ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် နိုဝင်ဘာ ၁၂ ရက်က တရားမ၀င်ဖွင့်လှစ်ထားသော အနှိပ်ခန်း (မာဆပ်) မှ အမျိုးသမီးငယ်လေးတဦး ထွက်ပြေးသွားပြီးနောက် ဆက်တိုက်ဆိုသလိုပဲ ယင်း အနှိပ်ခန်းမှ နောက် ထပ်အမျိုးသမီးငယ်လေးသုံးဦး ထပ်မံထွက်ပြေးခဲ့ရာ တာဝန်သိ ပြည်သူများ၏အကူအညီဖြင့် ပြည်မြို့၊ အမှတ်(၃)ရဲစခန်း၌ လူကုန်ကူးမှုကာ ကွယ်တားဆီးရေးဥပဒေပုဒ်မ (၂၄) နဲ့ အမှုဖွင့် အရေးယူနိုင်ခဲ့ပါသည်။

ဖြစ်စဉ်ကိုတော့ ကာယကံရှင် မသီတာ (အမည်လွှဲ) က သူမ၏မိခင်ကို ပြန်လည်ပြောပြရာတွင် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထန်းပေါက် အုပ်စု၊ --- ကျေးရွာမှ ဒေါ်နန်းနု (အမည်လွှဲ) က သူမရဲ့သမီးလေး မသီတာကို လွန်ခဲ့တဲ့တလခန့်က ပြည်မြို့၊ ကားဂိတ်ဝင်းအနီးက ဆည်းဆာလက်ဖက်ရည်ဆိုင်မှာ တလကိုကျပ်ငါးသောင်းနဲ့ အလုပ်လုပ်ဖို့ အပ်ထားခဲ့ပါသည်။

အဆိုပါလက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေစဉ် ဆိုင်ကို မကြာခဏ လက်ဖက်ရည်လာသောက်လေ့ရှိတဲ့ မအိခိုင်နဲ့ ဦးမျိုးဦးဆိုသူတို့နဲ့ရင်းနှီးခဲ့ပြီး နောက်ပိုင်းရက်များမှာ ၎င်းတို့နှစ်ဦးက မသီတာကို ဒီဆိုင်မှာလုပ်တာ ဘယ်လောက်ရလဲလို့ မေးသည့်အတွက် တလကျပ်ငါးသောင်း ရကြောင်းပြန်ပြောပြရာ ၎င်းတို့နှစ်ဦးက ငါတို့ဆီမှာ ထမင်းချက် အလုပ်လာလုပ်ပါလား။ တလ ကျပ်နှစ်သိန်းပေးမည်ဟုပြောပြီး လိပ်စာကတ်ထုတ်ပေးခဲ့ပါသည်။ ထို့နောက် မသီတာမှာ လက်ဖက်ရည်ဆိုင်ရှင်နှင့် စကားများပြီး မလုပ်တော့ဟုဆိုကာ ပြန်မည်ပြောသည့်အတွက် ယင်း လက်ဖက်ရည်ဆိုင်မှ စာရေးလုပ်သူက မသီတာအား ထုံးဘိုကားဂိတ်သို့ လိုက်ပို့ပေးခဲ့ပါသည်။အဆိုပါလိုက်ပို့သည့် နိုဝင်ဘာ ၁၀ ရက်မှာ ဒေပါဝလီနေ့ဖြစ်နေသဖြင့် ကားမရှိတော့ပါ။ မသီတာက တယောက်တည်း ယောင်လည်လည် ဖြစ်နေရင်း သူမခေါင်းထဲကို အတွေးတခုက ရောက်သွားသည်။ ယင်းမှာ မသီတာကို ပေးထားသည့်လိပ်စာကတ်ကလေး ဖြစ်သည်။

အကယ်၍အလုပ်အဆင်ပြေပါက မိဘများအတွက်လည်း ပိုပြီးအဆင် ပြေမည်ဆိုသည့်အတွေးလည်း ပါကောင်းပါပေမည်။ လစာကလည်း မက်လောက်စရာကိုး။ ဒါကြောင့် ယောင်လည်လည်ဖြစ်နေစဉ် အနီးသို့ ဘယ်သွားမလို့လဲလို့ ကပ်လာပြီးမေးသည့် ဆိုင်ကယ်ကယ်ရီသမားအား ယင်းလိပ်စာပြပြီး ပို့ခိုင်းလိုက်သည်။

တွေ့လိုက်ရသည့်နေရာကား အနှိပ်ခန်းတခုပင်တည်း။ ယင်းအနှိပ်ခန်းတွင် မအိခိုင်နှင့် ဦးမျိုးဦးတို့ကို အဆင်သင့်ပင် တွေ့လိုက်သည်။ သို့ပေမဲ့ ခေါ်ကတည်းက ထမင်းချက်အလုပ်လုပ်ရမည်ဆိုတော့ အလုပ် လုပ်ရန်လာကြောင်း ပြောလိုက်သည်။ သို့သော် တကယ်တမ်းအလုပ်ခိုင်းတော့ ထမင်းချက်အလုပ်မဟုတ်ဘဲ ဆိုင်ရှင်မအိခိုင်က ၁၅ မိနစ်ကြာ အနှိပ်နှိပ်လျှင် ကျပ်ငါးထောင်နှင့် ပြည့်တန်ဆာအလုပ်လုပ်လျှင် ကျပ် တသောင်းခွဲရကြောင်း၊ ဧည့်သည်မှ ကွိုင်ဝယ်ရင် ကျပ်ငါးရာဖြင့် ၀ယ်ရကြောင်းပြောပြပြီး မသီတာအား အဓမ္မအလုပ်ခိုင်းစေပါတော့သည်။ ထိုအချိန်မှစတင်ပြီး အပြင်သို့ လုံးဝမထွက်ခိုင်းတော့ပါ။

မသီတာ ဒီလိုဖြစ်နေချိန်မှာ အပြင်မှာတော့ လက်ဖက်ရည်ဆိုင်က မသီတာပြန်မည်ဆိုသည့်အတွက် ကားဂိတ်သို့ ပို့ပေးခဲ့ပြီးဖြစ်ကြောင်း၊ အိမ်သို့ ဖုန်းဆက်အကြောင်းကြားပြီး အိမ်ကအမေဖြစ်သူက ပြန်ရောက် မလာသည့်အတွက် စိတ်ပူပြီး ပြည်ကို နိုဝင်ဘာ ၁၁ ရက်က သမီးပျောက်ရှာရန် ထွက်ခဲ့ပါသည်။ ဒါပေမဲ့ တနေသာကုန်ပြီး သမီးက ရှာမတွေ့တာနဲ့ အိမ်ကိုပြန်ခဲ့ပြီး နောက်နေ့ နိုဝင်ဘာ ၁၂ ရက်မှာ ပြည်မြို့မှာ ရင်းနှီးရင်းစွဲရှိတဲ့ ကံသာဘုန်းတော်ကြီးကို အကူအညီတောင်းပြီး လိုက်လံရှာဖွေရာမှ အောင်ဆန်းပြည် သာယာရပ်ကွက်ရှိ အဲဗားဝမ်း အနှိပ်ခန်းတွင် သမီး ဖြစ်သူရောက်နေကြောင်း သတင်းရသည့်အတွက် သွားရောက်ရှာဖွေ မေးမြန်းရာ ဆိုင်ရှင်က မရှိဘူးဟုပြောသဖြင့် ဆရာတော်က ''ငါတို့ သတင်း အတိအကျ ရထားတယ်။ သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပြီး ရှာမယ်''ဟု ပြောပြီး ရဲစခန်းကို အကြောင်းကြားရာ ဆိုင်ရှင်ဦးမျိုးဦးဆိုသူက ဆိုင်ကယ်ဖြင့် ရေးကြီးသုတ်ပြာမောင်းပြီး ပြန်ကွေ့လာသည်ကို တွေ့ရပြီး ၎င်းနောက်သို့ လိုက်စဉ် သမီးဖြစ်သူကို တွေ့ရပြီး ပြန်လည်ခေါ်ယူခဲ့သည်။မသီတာက မိခင်ဖြစ်သူဒေါ်နန်းနုကို ပြောပြရာတွင် ဆိုင်ရှင်ဖြစ်သူ ဦးမျိုးဦးက ၎င်းအား နောက်ဖေးအုတ်တံတိုင်းပေါ်သို့ကျော်ပြီး တခြားတဖက်သို တွန်းချခဲ့ကြောင်း၊ ၎င်းက ချုံပုတ်ထဲတွင် ပုန်းနေခိုင်းပြီး နင်တို့ကိုလာဖမ်းတာဟုပြောပြီး ထွက်သွားကြောင်း၊ ၎င်းက ကြောက်လန့်ပြီး အကူအညီတောင်းရန်ကြည့်ရာ ၎င်းရောက်ရှိရာ အိမ်အတွင်းမှ ထမင်းချက်နေသူကိုတွေ့ရပြီး အော်ဟစ်အကူအညီတောင်းရာ အဆိုပါအမျိုးသမီးမှ ၎င်း၏အိမ်တွင်းတွင် ပုန်းနေခိုင်းပြီး ဆိုင်ရှင် ဦးမျိုးဦး လိုက်လံရှာဖွေနေသည်ကို အိမ်ထဲမှမြင်တွေ့ရကြောင်း၊ ၎င်းနောက်မှ ဆရာတော်ကို အကူအညီပေးထားသူက လာခေါ်ကြောင်း ပြန်လည်ပြောပြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) မှ ကိုဇော်ထွန်းကပြောကြားရာတွင် လူကုန်ကူးခံရခြင်း အင်္ဂါရပ်များဖြစ်သည့်အတွက် ပုဂ္ဂိုလ်တဦးတယောက်ကို ထိုသူ၏ သဘောတူတူ၊ သဘောမတူတူ ခေါင်းပုံဖြတ်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မခိုင်းစေခြင်း၊ အဓမ္မ၀န်ဆောင်မှုပေးခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း စသည်တို့ဖြင့် အကျုံးဝင်နေသဖြင့် ၁၃-၁၁-၂၀၁၅ ရက်တွင် ပြည်ခရိုင် လူကုန်ကူးမှုရုံးသို့ တိုင်တန်းခဲ့ပြီး ပြည်အမှတ်(၃) ရဲစခန်းတွင် (ပ)၂၆၅/၂၀၁၅၊ လူကုန်ကူးတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ (၂၄) ဖြင့် အမှုဖွင့်ခဲ့ပြီး တရားခံများအား ဖမ်းဆီးထားကြောင်း ပြောသည်။

''ပထမတချက်က ဖြားယောင်းသွေးဆောင်တာ နှစ်သိန်းပေးမယ်ဆိုပြီး ဖြားယောင်းသွေးဆောင်တာ။ နောက်တချက်က လုပ်အားခေါင်းပုံဖြတ်တာ။ စက်ရှင်က လေးထောင်ရမယ်လေ၊ တထောင်ပဲ ပေးပြီး သုံးထောင်ကို သူတို့ယူတယ်။ နောက်တချက်က ပိတ်လှောင်တာလေ၊ ပြင်ပနဲ့ မိသားစုနဲ့ ဆက်သွယ်ခွင့်မရအောင် ပိတ်လှောင်တာ၊ သူ့မိဘ တွေလာခေါ်တော့လည်း ကောင်မလေးကို ခြိမ်းခြောက်ပြီးတော့ တနေရာရှောင်ခိုင်းတယ်။ ဒါတွေက လူကုန်ကူးခံရခြင်းရဲ့ အင်္ဂါရပ်တွေမှာ ပါတယ်။ ဒါကြောင့် ကျွန်တော်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဆရာ့ဆီကိုတိုင်တန်းပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်တာပါ''ဟု ၎င်းက ပြောသည်။

အလားတူ နိုဝင်ဘာ ၁၃ ရက်ကလည်း အဆိုပါ အနှိပ်ခန်းမှ (၁၆) နှစ်အရွယ် အမျိုးသမီးငယ်တဦး၊ အသက် (၂၀) အရွယ် အမျိုးသမီးတဦးနှင့် အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတဦးတို့လည်း ထပ်မံထွက် ပြေးခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးလေးဦးစလုံးကို ကံသာကျောင်းဆရာတော်မှ ကူညီစောင့်ရှောက်ထားပြီး ယင်းအမျိုးသမီးများ၏ စားရေးသောက်ရေးတို့ကို တာဝန်ယူထားကြောင်း သိရသည်။

''ဘာလို့ထွက်ပြေးလာလဲဆိုတော့ ဆိုင်ရှင်က ကျွန်မတို့ကို ပိုက်ဆံ ရှင်းမပေးဘူး။ ပြီးတော့ ထမင်းလည်း အကောင်း မကျွေးဘူး။ ပြီးတော့ အသန့်ဆိုပြီးတော့ ဖာခန်းဖွင့်ထားတယ်။ နယ်ထိန်းတွေနဲ့ သမီးတို့ကိုပေး နေခိုင်းတယ်။ ခေါ်လာတုန်းကတော့ မာဆပ်သီးသန့်ဆိုပြီး ဒီရောက်တော့ ဆိုင်ရှင်အစ်မကြီးတွေက တခါဝင်ရင် တသောင်းခွဲဆိုပြီးတော့ ပြောတယ်။ ကိုယ်လုံးဝင်ရမယ်လို့ ပြောတယ်။ ကိုယ်လုံးမ၀င်ရင် ကောင်မလေးတွေကို တသောင်းဖြတ်တယ်။ ကျွန်မတို့က ပြန်မယ် ပိုက်ဆံရှင်းပေးလို့ပြောရင် ပိုက်ဆံရှင်းမပေးဘဲ ဘယ်နှလနေရမယ်ဆိုပြီး ပြောတယ်''ဟု ထွက်ပြေးလာသူထဲမှ ပန်းတနော်မြို့သူလေးက ပြောသည်။

ထွက်ပြေးလာသူ အမျိုးသမီးငယ်လေးတဦးကတော့ သူ့အသက်မှာ (၁၆) နှစ်သာရှိသေးပြီး ၎င်းမှာ ကိုယ်ဝန်သုံးလရနေပြီဖြစ်ကြောင်းကို ယခုကဲ့သို့ ရင်ဖွင့်ပါတယ်။

''ဈေးထဲကို သူတို့လာတဲ့အခါကျတော့ ကျွန်မတို့မှာ မပြေလည်လို့ အလုပ်လုပ်ချင်ကြောင်းပြောတော့ သူတို့တွေက လုပ်ချင်ရင်လာခဲ့ အနှိပ်သီးသန့်လည်းရတယ်။ အရောဝင်ချင်လည်းရတယ်လို့ ပြောတယ်။ ပထမတော့ အနှိပ်အသန့်ဆိုပြီးဝင်လိုက်တာ၊ စစချင်းကျတော့ ကျွန်မ ၂၁ ရက်နေ့က အဘိုးကြီးတယောက်နဲ့ လူငယ်လေးတယောက်လာလို့ ကျွန်မကိုနေခိုင်းတော့ ကျွန်မက မနေချင်ဘူးလို့ပြောတော့ ဒဏ်ကြေး တွေလည်း ရိုက်တယ်။ ပြီးတော့ သူတို့သူငယ်ချင်းတွေလာတုန်းကလည်း ကျွန်မကို အကြွေးပေးနေခိုင်းတယ်။ ပြီးတော့ သမီးတို့ကို ဒဏ်ကြေးတွေလည်း ရိုက်တယ်။ ဒဏ်ကြေးဆိုတာ အပြစ်လုပ်ရင်လည်း ဒဏ်ကြေး ရိုက်တယ်။ အိပ်ယာထနောက်ကျခဲ့ရင် ၈ နာရီထိုးထက် နောက်ကျခဲ့ရင် ဒဏ်ကြေးတသောင်း၊ အဲယားကွန်းမပိတ်မိရင် ဒဏ်ကြေးတသောင်း၊ မွေ့ယာခင်းတွေ မခေါက်မိရင်လည်း ဒဏ်ကြေးရိုက်တယ်။ ပြီးတော့ အိမ်ရှေ့ကို ထွက်မိရင်လည်း ဒဏ်ကြေးရိုက်တယ်။ ကျွန်မအမေက အဲဒီ အလုပ်ကို မလုပ်ခိုင်းဘူး။ ရဲတွေ ဘာတွေလာရင်လဲ အလကားကြေးနဲ့ ၀င်ပေးရတယ်။ ပထမတုန်းက သစ်သမားကြီးတယောက် လာသွားတော့ သူက ၉,၅၀၀ ပဲပေးလို့ ကွန်ဒုံးမသုံးဘဲဝင်မိတာ။ ကျွန်မက အဲဒီ အကြောင်းကို သူတို့ကိုပြောတဲ့အခါ သုံးရက်လောက်ကြာမှ ဆေးဝယ်ပေးတယ်။ အဲဒါကြောင့် ကျွန်မမှာ ကိုယ်ဝန်သုံးလရှိသွားပြီ''ဟု ပြည်မြို့၊ --- ရွာမှ အမျိုးသမီးငယ်လေးက ကြေကွဲစွာပြောသည်။

ဆိုင်တွင်အလုပ်လုပ်နေကြရသော အမျိုးသမီးများအား မတန်တဆ ဈေးနှုန်းများဖြင့် မုန့်များ၊ စားစရာများကိုလည်း ရောင်းချပေးနေပြီး ဒဏ်ကြေးများနှင့် နစ်မွန်းနေကာ သူတို့ဘ၀တွေမှာ အလုပ်လုပ်ပြီး အကျိုးခံစားခွင့်မရှိကြောင်းကိုလည်း ပြောပြကြပါတယ်။

အဆိုပါ အမျိုးသမီးငယ်လေးများကို စောင့်ရှောက်ထားသော ပြည်မြို့၊ ကံသာကျောင်းဆရာတော် ဦးဇောတိပါလမှလည်း ''ဒီကလေးမလေးတွေ သူတို့အခက်အခဲတွေ ပြေလည်တဲ့အထိ ဦးဇင်းတို့အနေနဲ့ စောင့်ရှောက်သွားမှာပါ။ အခုအချိန်မှာ သူတို့ရဲ့စားရေးနေရေးတွေပါမက သူတို့ရဲ့စိတ်ဓာတ်ခွန်အားတွေ တိုးပွားစေဖို့လည်း ဦးဇင်းတို့က အားပေးသွားမှာပါ။ အခု သူတို့တွေရင်ဆိုင်နေရတဲ့ ကိစ္စ၀ိစ္စတွေ ပြီးဆုံးသွားရင် လည်း သူတို့ရဲ့မိဘရပ်ထံကို အိမ်တိုင်ရာရောက် ကားတွေနဲ့လိုက်လံ ပို့ဆောင်ပေးသွားမှာပါ''ဟု မိန့်ကြားသည်။

ဒီဖြစ်ရပ်ကိုကြားသိရတော့ ကျွန်တော်အနေဖြင့် ယခုကဲ့သို့ဖြစ်ရပ်မျိုး မြန်မာနိုင်ငံတ၀ှမ်းမှာ ဘယ်လောက်များ ထူပြောနေမှာပါလိမ့်။ ပြီးတော့ ဒီလိုအရွယ် ဒီလိုအချိန်မျိုးမှာ သူတို့တွေလည်းပဲ လူ့ပတ်ဝန်းကျင်ထဲမှာ အဆင်ပြေပြေနဲ့ လူသားဆန်ဆန် နေချင်ရှာမှာပါပဲလို့ တွေးမိပါတယ်။ ဒီလို အလုပ်မျိုးကို အများစုကတော့ ပျော်လို့လုပ်နေကြတယ်လို့ ကျွန်တော် မယူဆမိပါ။ သူတို့ဘ၀အခက်အခဲတွေကြောင့်သာ ဒီလိုမျိုးဖြေရှင်းနေ ကြရတာဖြစ်မှာပဲလို့ သားသမီးများရှိသူအနေနဲ့ရော၊ လူသားတယောက်အနေနဲ့ပါ တွေးမိပါတယ်။ ဒါ့အပြင် အရွယ်မတိုင်ခင် လက်ဖက်ရည်ဆိုင်တို့၊ စားသောက်ဆိုင်တို့ကိုရောက်နေတဲ့ ကလေးလေးတွေကို မြင်ရ ပြန်တော့လည်း သူတို့လေးတွေရဲ့ ကလေးဘ၀တိုတောင်းမှုအပေါ် စိတ်မကောင်းဖြစ်မိပါတယ်။ အဲဒါတွေကတော့ ဆင်းရဲမွဲတေမှုရဲ့ နောက်ဆက်တွဲပြဿနာလေးတွေပါပဲ။ ဒါတွေကြောင့် ပြည်သူတွေက အပြောင်းအလဲကို မျှော်လင့်နေကြတာ မဟုတ်လား။အဲဒါကြောင့် မြန်မာပြည်သူများမျှော်လင့်နေတဲ့ ပြောင်းလဲခြင်းကို မြန်မြန်လေးရောက်ပြီး ပြည်သူပြည်သားများလည်း တရားဥပဒေစိုးမိုးမှုအောက်မှာ လူသားဆန်ဆန် နေနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါကြောင်း။

မင်းယွန်း(ခေတ္တရာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ငရဲခန်းမှ လွတ်မြောက်ခြင်း  ငရဲခန်းမှ လွတ်မြောက်ခြင်း Reviewed by THITHTOOLWIN on 16:46 Rating: 5
Powered by Blogger.